Social Icons

Pages

Thursday, July 7, 2016

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ် များ၏ ဘွဲ့လက်မှတ်များကို အာဆီယံအဆင့် အသိအမှတ်ပြုရန် စီစဉ်



ရန်ကုန် ၊ ၇-၇-၂၀၁၆

ပညာရေး ဝန်ကြီးဌာန၏ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ပထမငါးနှစ် စီမံကိန်းတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် မှစ၍ မြန်မာနိုင်ငံ အတွင်းရှိ တက္ကသိုလ် များ၏ ဘွဲ့လက်မှတ်များကို အာဆီယံအဆင့် အသိအမှတ် ပြုရန် စီစဉ်နေကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

''တက္ကသိုလ်တွေက ဘွဲ့လက်မှတ် အသိ အမှတ် ပြုဖို့ လိုပါတယ်။ ဒါမှ လုပ်ငန်းခွင်နဲ့ တိုက်ရိုက် ချိတ်ဆက် လာနိုင်ပါမယ်'' ဟု အဆင့်မြင့် ပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် အရည်အသွေး ရှိသည့် မူဘောင် လုပ်ငန်းစဉ်များ စတင်ချမှတ်ပြီး နိုင်ငံတကာ တက္ကသိုလ် အဖွဲ့အစည်းများ၊ ပညာရေး အဖွဲ့အစည်း များနှင့် ပူးပေါင်း တိုးချဲ့ခြင်း၊ နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်၊ ဥပဒေ ဘာသာရပ်၊ စီးပွားရေး ဘာသာရပ် သင်ကြားမှု မြှင့်တင်ရေးနှင့် တက္ကသိုလ်ဝင်ခွင့် ပြောင်းလဲရေး အစရှိသည့် ပညာရေး မူဝါဒများကို ပြောင်းလဲရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဘွဲ့ ကြိုတန်း တက္ကသိုလ် ကျောင်းသားများ နိုင်ငံတကာ ပညာရေးနှင့် ချိတ်ဆက်ရာတွင် အသိအမှတ်ပြု မခံရခြင်း၊ နိုင်ငံတကာ၌ သွားရောက် သင်ကြား လိုသော်လည်း အရည်အသွေး အကဲဖြတ်မှု ပုံစံကွာခြား နေခြင်းတို့ကြောင့် အခက်အခဲ ဖြစ်ပေါ် နေခြင်းနှင့် ကျောင်းဝင်ခွင့် ကွဲလွဲနေခြင်း စသည် တို့ကို ပြုပြင်ပြောင်းလဲ သင့်ကြောင်း ပုသိမ် တက္ကသိုလ် သမိုင်းဌာနက ကထိက ဦးသန်းထိုက်အောင် က ပြောသည်။

ထို့ပြင် တက္ကသိုလ်တိုင်း ၌ ဘဏ္ဍာရေး လွတ်လပ်ခွင့်၊ ဘာသာရပ် ဆိုင်ရာ လွတ်လပ်ခွင့်၊ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်၊ ဆရာ၊ ဆရာမ ခန့်ထားရေး စီမံခန့်ခွဲခွင့် များဖြင့် အကောင်အထည် ဖော်ခြင်း၊ မိမိတက္ကသိုလ် ၏ လိုအပ်ချက်နှင့် အညီ သင်ကြားရေး မဟာဌာန များကိုဖွဲ့စည်း နိုင်ခြင်း၊ လိုအပ်ချက်နှင့် အညီ ဆရာ၊ ဆရာမများကို လိုအပ်သလို ခန့်ထား ခွင့်ပြုခြင်း တို့အပါအဝင် ရန်ပုံငွေ ရှာဖွေနိုင်သည့် အခွင့်အရေး များကိုလည်း ပေးအပ်သွားရန် လိုကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...