Social Icons

Pages

Thursday, June 9, 2016

ကျူးကျော်နေထိုင်သူများကို စိစစ်ပြီး မြေနေရာအစားထိုး ပြန်လည်ချထားပေးမည့် သတင်း ထွက်ပေါ်လာပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ် ၌ ကျူးကျော်တဲများ ယခင်ကထက်ပိုများလာ


ရန်ကုန် ၊ ၉-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျူးကျော် နေထိုင်သူများကို စိစစ်ကာ အမှန်တကယ် မြေနေရာ အခက်အခဲရှိ သူများအတွက် မြေနေရာ အစားထိုး ပြန်လည်ချထား ပေးမည်ဟူသည့် သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ်၌ ကျူးကျော်တဲများ ပိုများလာကြောင်း လှိုင်သာယာ မြို့နယ်၌ နေထိုင်သူ များက ပြောသည်။

လှိုင်သာယာ မြို့နယ်၌ မေ ၂၃ ရက်အထိ အသစ်ထပ်တိုး လာသည့် ကျူးကျော် တဲပေါင်း ၉၉ တဲကို ဖျက်သိမ်း ရှင်းလင်းခဲ့ပြီး ဖြစ်သော်လည်း ဒေသခံ ပြည်သူများက ကျူးကျော်တဲသစ် များနှင့် ပတ်သက်ပြီး အကြောင်းကြား လာမှုများ ရှိနေသဖြင့် ဆက်လက် ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်နေသည့် အတွက် မေ ၃ဝ ရက်က ကျူးကျော်တဲသစ် ၁၁ဝ ကျော်ကို ထပ်မံရှင်းလင်း ဖယ်ရှားခဲ့ပြီး ဖြစ်သည်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီး ဘေးနှင့် လှိုင်သာယာမြို့နယ် အတွင်းရှိ သွားလာရန် ခက်ခဲသည့် ချောင်းများ၊ မြောင်းများအနီး ညအမှောင်ကို အကာအကွယ် ယူကာ တရားမဝင် ကျူးကျော်တဲသစ် ဆောက်လုပ်မှုမှာ များပြားနေဆဲ ဖြစ်ပြီး သာယာကုန်းချောင်း၊ ရွှေလင်ပန်းချောင်း၊ အင်ဂလိုင်ချောင်း နှင့် စူလတန်ချောင်း အနီး ဧရိယာများထဲတွင် ကျူးကျော်တဲသစ်များ အများအပြား ဆောက်လုပ် လာကြကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကျူးကျော်တဲသစ် များ တိုးပွားလာခြင်းကို လက်မခံကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် က ကြေညာထားပြီး အကြမ်းဖျင်း ကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ကျူးကျော် နေထိုင်သူ ဦးရေ လေးသိန်းကျော် ရှိကာ ရန်ကုန် အရှေ့ပိုင်းခရိုင်၌ ကျူးကျော် နေထိုင်သူ ၁၅၇၄ဝဝ ၊ ရန်ကုန်တောင်ပိုင်း ခရိုင်၌ ကျူးကျော် နေထိုင်သူ ၉၃ဝဝဝ၊ ရန်ကုန် အနောက်ပိုင်း ခရိုင်၌ ကျူးကျော် နေထိုင်သူ ၈၁ဝဝ နှင့် ရန်ကုန် မြောက်ပိုင်း ခရိုင်၌ ကျူးကျော် နေထိုင်သူ ၁၇ဝဝဝဝ ကျော်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် စက်မှုဇုန် အများအပြား ရှိသည့် လှိုင်သာယာမြို့နယ် အတွင်း၌ ကျူးကျော် နေထိုင်သူ အများဆုံး ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...