Social Icons

Pages

Wednesday, June 15, 2016

လက်ဖက်ခြောက် တန်ချိန် ၃ တန်ခန့်တင်ပို့ရန် ဂျာမနီနိုင်ငံမှ တရားဝင်ကမ်းလှမ်း



ရန်ကုန် ၊ ၁၅-၆-၂၀၁၆

ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် လက်ဖက်ခြောက် တန်ချိန် ၃ တန်ခန့် တင်ပို့ရန် ဂျာမနီနိုင်ငံမှ တရားဝင် ကမ်းလှမ်း လာခဲ့ကြောင်း မြန်မာနိုင်ငံ လက်ဖက် လုပ်ငန်းရှင်များ အစုအဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သီဟ က ပြောသည်။

မြန်မာ့ လက်ဖက်ခြောက် များ တင်ပို့နိုင်ရန် ဂျာမနီနိုင်ငံ အနေဖြင့် ဖေဖော်ဝါရီလ က ကမ်းလှမ်း လာခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် နိုဝင်ဘာလတွင် စတင်တင်ပို့ သွားမည် ဖြစ်ရာ ပင်းတယမြို့နယ် ရှိ လက်ဖက် အစုအဖွဲ့ မှ တာဝန်ယူ လုပ်ဆောင် သွားမည်ဖြစ်ပြီး လက်ဖက်ခြောက် တစ်ပိဿာလျှင် ငွေကျပ် ၁၅ဝဝဝ ဖြင့် သတ်မှတ်တင်ပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြည်တွင်း ဈေးကွက်၌ လက်ဖက်ခြောက် လက်ကားဈေးမှာ ထိပ်စ အမျိုးအစားကို ငွေကျပ် ၅၅ဝဝ မှ ၆ဝဝဝ အထိရှိပြီး ဈေးကျချိန်တွင် ငွေကျပ် ၃၅ဝဝ မှ ၄ဝဝဝ အထိရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံသို့ တင်ပို့ရန် ယခုအခါ စတင်ပြင်ဆင် နေပြီး ထုတ်လုပ်မည့် စက်များ ကိုလည်း လုပ်ဆောင် ထားပြီး ဖြစ်သည်။

'' မြန်မာနိုင်ငံ ကနေ ပြည်ပကို လက်ဖက် အစို၊ အခြောက် တင်ပို့နိုင်မှုက မရှိသလောက် ရှားပါတယ်။ အခုလို ဂျာမနီနိုင်ငံ အနေနဲ့ ပြည်တွင်းက လက်ဖက်ခြောက်တွေ ဝယ်ယူလိုကြောင်း ကမ်းလှမ်း လာတဲ့ အတွက်ကြောင့် လက်ဖက် ဈေးကွက် အတွက် အလားအလာ ကောင်းတဲ့ အရာပါ။ အခုနှစ် အတွက် ၃ တန် ပို့ပေးဖို့ ကမ်းလှမ်း လာတယ်။ လာမယ့်နှစ် တွေမှာ တော့ ဒီထက်ပိုပြီး တင်ပို့သွား နိုင်ဖို့နဲ့ ထပ်ပြီး ဈေးကွက်တွေ ချဲ့ထွင် သွားနိုင်ဖို့ ကြိုးပမ်း သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လက်ဖက်ခြောက် စက်ရုံ ခုနစ်ရုံခန့် ရှိပြီး လက်ဖက်စို၊ လက်ဖက်ခြောက် လုပ်ငန်းများ တိုးတက် လာစေရေး အတွက် မြန်မာနိုင်ငံ လက်ဖက် လုပ်ငန်းရှင်များ အစုအဖွဲ့ အနေဖြင့် တောင်သူများအား ခူးဆွတ်မှု၊ သန့်ရှင်း သပ်ရပ်မှုနှင့် ထုတ်လုပ်မှု မှန်ကန်စေရန် ပံ့ပိုးကူညီ လုပ်ဆောင် ပေးလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...