Social Icons

Pages

Wednesday, June 15, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကမာရွတ်ဘူတာမှ တညင်းကုန်းဘူတာ အထိ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်



ရန်ကုန် ၊ ၁၅-၆-၂၀၁၆

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း ကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကမာရွတ် ဘူတာမှ တညင်းကုန်း ဘူတာအထိ လမ်းပိုင်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထား မြို့ပြဌာနမှ သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်က ရန်ကုန် ဘူတာကြီးမှ ကမာရွတ် ဘူတာအထိ လေးချောင်းဆက် သံလမ်း လဲလှယ်ခြင်း၊ ကျောက်ထည့်ခြင်း နှင့် ပတ္တင် (Putting) ရိုက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း တွင် မိုင်ပေါင်း ၂၉ မိုင်ခွဲ ရှိကာ လမ်းပြင်ဆင်မှု ပြုလုပ်နေသည့် ကမာရွတ်ဘူတာ မှ တညင်းကုန်း ဘူတာအထိ မိုင်ပေါင်း ၁၄ မိုင်ရှိကြောင်း သိရသည်။

ထို့ပြင် မြို့ပတ်ရထား လမ်းပိုင်း တစ်ခုလုံး အချက်ပြစနစ် တပ်ဆင်ခြင်း လုပ်ငန်းနှင့် ရထားတွဲဆိုင်း ၁၁ ဆိုင်း ဝယ်ယူခြင်းကို ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန် ဒေါ်လာ ၂ဝ၇ သန်းဖြင့် ဆောင်ရွက်မည် ဖြစ်ပြီး ကျန်ရှိသည့် လမ်းပိုင်း ပြင်ဆင်ခြင်း လုပ်ငန်းများကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထား မြို့ပြဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း တစ်ခုလုံး၌ တပ်ဆင် ထားသည့် အချက်ပြ စနစ်များမှာ အင်္ဂလန်၊ ဂျာမနီနှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ၁၉၉၄ ခုနှစ် ကတည်းက ဝယ်ယူတပ်ဆင် ခဲ့သည့် အချက်ပြ စနစ်များ ဖြစ်ကာ ယင်းစနစ် အားလုံးကို ဂျပန်နိုင်ငံမှ ခေတ်မီရထား ထိန်းချုပ် စနစ်ဖြင့် ပြောင်းလဲ တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရထားထိန်းချုပ် သည့် အချက်ပြ စနစ်ကို တပ်ဆင်ခြင်းဖြင့် လက်ရှိ ကားလမ်း ကူးဂိတ်များတွင် လူအင်အားဖြင့် ဆောင်ရွက် ရသည့် လုပ်ငန်း ဆောင်တာ များကို အလိုအလျောက် အဖွင့်အပိတ် စနစ်ဖြင့် ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် ရထား ပြေးဆွဲချိန် မြန်ဆန်ခြင်းနှင့် အချိန်မှန် ပြေးဆွဲခြင်းများ လုပ်ဆောင် လာနိုင်မည် ဖြစ်ကြောင်း သိရသည်။(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...