Social Icons

Pages

Tuesday, May 24, 2016

ရုရှားနှင့် ပြန်လည်အဆင်ပြေ နိုင်ရန် ကြိုးပမ်းလျက်ရှိသည့် နေတိုး



( ရှိန်းထက် )

နေတိုး (မြောက် အတ္တလန္တိတ် စာချုပ်အဖွဲ့) အဖွဲ့ဝင် နိုင်ငံများ၏ ဇူလိုင်လ ညီလာခံ မစတင်မီ နေတိုးသည် ရုရှားနှင့် တင်းမာမှုများ မြင့်တက်ပြီးရင်း မြင့်တက် လာခဲ့သည်။ ယင်းမှာ နေတိုးက ဘောလ်တစ်နိုင်ငံ များ၌ သူ၏တပ်ဖွဲ့ဝင် အင်အား ၁ဝဝဝ ထပ်မံချထားမည့် အစီအစဉ်ကို ကြေညာ လိုက်သောကြောင့် ဖြစ်သည်။

လူ ၁ဝဝဝဝ ကျော် စာရင်းတွင် အပြစ်မဲ့ ပြည်သူ အများဆုံး သေဆုံးခဲ့ ရသည့် ယူကရိန်း၏ ခရိုင်းမီးယား ကျူးကျော်မှုက စခဲ့သော နေတိုး-ရုရှား တင်းမာမှုသည် ယခု အချိန်ထိ အရှိန်မလျော့ နိုင်အောင် ဖြစ်နေသည်။ အနောက် အုပ်စုက လတ်ဗီးယား၊ လစ်သူရေးနီးယား နှင့် ပိုလန်တို့ ကဲ့သို့သော ဘောလ်တစ်နိုင်ငံ ငယ်လေးများကို ရုရှား၏ မကြာခဏ ကျူးကျော်မှု ကြောင့် ခရိုင်းမီးယား ကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်နေ ကြသည်။

ထို့ကြောင့်လည်း နေတိုး၏ လက်နက်ကြီး များကို အရှေ့ဥရောပ နယ်စပ် စည်းမျဉ်းများ တစ်လျှောက် ချထားရန် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။ ယခုတပ်ဖွဲ့ဝင် အင်အား ၁ဝဝဝ တိုးမြှင့် လိုက်ခြင်းက အခြေအနေ ကို ပိုမိုဆိုးရွား သွားစေခဲ့သည်။ ထို့ကြောင့် ယခု အခြေအနေ အတိုင်း ဆက်သွားလျှင် ရုရှားနှင့် နေတိုးတို့မှာ မကြာမီ ထိပ်တိုက်တွေ့ တော့မည် ဖြစ်သည်။

ရုရှား၏ ရာဇဝင်တွင် အနောက်အုပ်စု နှင့် ပတ်သက်လာလျှင် အလျှော့ပေးရိုး ထုံးစံမရှိခဲ့ပေ။ ထိပ်တိုက် တွေ့ဆုံမှုကို ရှောင်ရှားနိုင် ရန်မှာ တစ်ဖက်က အလျှော့ပေး ရမည်ဖြစ်သည်။ သံတမန် ဆက်ဆံရေး လမ်းများကို ယခင်ကထက် ပို၍ ဖောက်ရမည် ဖြစ်သည်။ ထို့ကြောင့် နေတိုးက ရုရှားနှင့် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ဧပြီလက နေတိုးနှင့် ရုရှား တွေ့ဆုံပွဲသည် တစ်ဖက်နှင့် တစ်ဖက် သံသယ များကြောင့် ပျက်ပြားသွား ခဲ့ရပြီး မရေမရာ အဆုံးသတ် သွားခဲ့ရသည်။

ထို့ကြောင့် နေတိုးညီလာခံ မကျင်းပမီ အမေရိကန် ဦးဆောင်သော နေတိုး မဟာမိတ်များက ဒုတိယအကြိမ် ရုရှားနှင့် ဆက်ဆံရေး ကောင်းမွန်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ အကယ်၍ ရုရှားနှင့်သာ ဆွေးနွေးပွဲ မလုပ်ဘဲ နေတိုးတို့ မဟာမိတ် ညီလာခံကို ကျင်းပမည် ဆိုပါက ရုရှား၏ သံသယစိတ်ကူး များကို ပိုမိုဆွပေး လိုက်သကဲ့သို့ ဖြစ်သွားနိုင်ပြီး မလိုလား အပ်သော တင်းမာမှုများနှင့် နယ်စပ် စစ်ပွဲများ အချိန်အခါ မရွေး ဖြစ်ပေါ်လာ နိုင်သည်။

ထို့ကြောင့် ဇူလိုင်လ မတိုင်မီ ဇွန်လထဲတွင် ရုရှားနှင့် တွေ့ဆုံခွင့်ရရန် နေတိုးတို့ ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။ နေတိုးနှင့် ရုရှားတို့သည် ၂ဝ၁၄ ခုနှစ် ခရိုင်းမီးယားကို ရုရှားတို့ ကျူးကျော်ခဲ့သည့် အချိန်မှစ၍ သံတမန် ဆက်ဆံရေး နှစ်နှစ်ခန့် ပြတ်တောက်ခဲ့ ရသည်။ ထို ပြတ်တောက် နေသော အချိန် အတောအတွင်း ရုရှားက နေတိုးကို သူ၏ ပထမဆုံး ရန်သူတော် အဖြစ် ကြေညာခဲ့သည်။ နယ်စပ်ပြည်နယ်သုံးခုကို နေတိုး ထိုးစစ်ဗျူဟာ နေရာသုံးခု အဖြစ် ပြောင်းလဲ ဖွဲ့စည်းသည်။ သမ္မတ ပူတင်က သူ၏တပ်ဖွဲ့ များကို နေတိုးနှင့် ပတ်သက်လာလျှင် နျူကလီးယား လက်နက်ပစ်ခွင့် အထိ အမိန့်ပေး ထားခဲ့သည်။

နေတိုး၏ စစ်အသုံး စရိတ်သည် ရုရှားထက် နည်းပါးသည်။ ထို့ပြင် တကယ်တမ်း တိုက်ပွဲဝင်မည် ဆိုလျှင် နေတိုးသည် ရုရှားကို ရှုံးနိမ့်မည် ဖြစ်သည်။ အမေရိကန်၏ အကူအညီ ပါမှသာ နေတိုးဘက်က အနိုင်ရဖွယ် ရှိသည်။ တိုက်ချင်းပစ် ဒုံးပျံများနှင့် နျူကလီးယား လက်နက်များသာ ပါဝင်တိုက်ခိုက် လာခဲ့မည်ဆိုလျှင် ထိုစစ်ပွဲကို နေတိုးနှင့် အမေရိကန်တို့ ရာနှုန်းပြည့် အနိုင်ရရှိရန် မသေချာပေ။

ရုရှားနှင့် စစ်ဖြစ်လျှင် ကျိန်းသေ တတိယကမ္ဘာစစ် ဖြစ်မည်။ တတိယ ကမ္ဘာစစ်ဖြစ်လျှင် နျူကလီးယား လက်နက်များ ပါဝင်လာရန် သေချာသလောက် ရှိသည်။ ထို့ကြောင့် အနောက်အုပ်စု သည် ရုရှားနှင့် ထိပ်တိုက် တွေ့ဆုံစေမည့် နည်းလမ်းများကို ရှောင်နိုင် သမျှ ရှောင်လေ့ ရှိကြသည်။ စစ်အေးခေတ် နောက်ပိုင်း ရုရှားနှင့် အမေရိကန် ထိပ်တိုက် တွေ့ဆုံမှုသည် မရှိသလောက် ရှားခဲ့ပြီး နေတိုးနှင့်သာ ဥရောပတွင် ထိပ်တိုက်တွေ့နေခဲ့သည်။

သို့သော်လည်း နေတိုးသည် အမေရိကန် ၏ ဦးဆောင်မှု အောက်တွင်သာ ရှိနေသောကြောင့် နေတိုး ခေါင်းဆောင်များက ယခု ရုရှားနှင့် ပြန်လည် သင့်မြတ်လို ကြသည်။ စစ်အေးခေတ် ကာလတစ်ခု ကိုသာ နောက်ပြန်ဆွဲ သွားခဲ့ပါက ကမ္ဘာစစ် ဟူသော စကားလုံးသည် နေ့ချင်းညချင်း ပေါ်ပေါက်လာရန် သေချာသလောက် ဖြစ်နေသည်။ ဒုတိယ ကမ္ဘာစစ် ဖြစ်ပြီးနောက် အမေရိကန်သည် ရုရှားနှင့် စစ်အေးခေတ် စတင်ချိန်တွင် B-52 နှင့် B-2 ဗုံးကြဲလေယာဉ် များကို တည်ဆောက် ခဲ့သည်။ ရုရှားကို နျူကလီးယား ဗုံးကြဲရေး အတွက်ဖြစ်သည်။

ရုရှားကလည်း ၄င်း၏ နျူကလီးယား လက်နက်တိုက်ကို အသင့် အနေအထား ပြင်ဆင်ထား ခဲ့သည်။ အမေရိကန်နှင့် ရုရှားတို့ ပံ့ပိုးပေးထားသည့် နိုင်ငံငယ်လေး များက သူတို့နောက်မှ နိုင်ငံကြီးများ ကိုယ်စား စစ်ပွဲများ တိုက်ပေးခဲ့ ကြသည်။ ထို့ကြောင့် စစ်အေးတိုက်ပွဲ ဟူသော ခေါင်းစဉ်ကို ကိုယ်စား တိုက်ပေးရသည့် စစ်ပွဲများဟုလည်း ခေါင်းစဉ်သစ် ပေးခဲ့ကြခြင်း ဖြစ်သည်။

၂ဝ၁၆ ခုနှစ် နှစ်စက ဆီးရီးယားကို အကြောင်းပြုပြီး တူရကီနှင့် ရုရှား တင်းမာစဉ်တွင် အမေရိကန်တို့ ကျောထောက် နောက်ခံပြု နေသောကြောင့် ရုရှားသည် အမေရိကန်နှင့် စစ်အေးတိုက်ပွဲ စတင်ပြီဟု ကြေညာခဲ့သည်။ 

လူတိုင်းမျက်ခုံး လှုပ်ခဲ့ရသည့် ထိုအချိန်က ရုရှားနှင့် ဆီးရီးယား တို့ကတစ်ဖက်၊ နေတိုး၊ အမေရိကန်နှင့် တူရကီတို့က တစ်ဖက်ဖြင့် တင်းမာမှုသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ထိုအချိန်သည် ဆီးရီးယားရှိ ISIS နှင့် သူပုန်တို့ကို တိုက်ထုတ်ရန် ရုရှားတပ်သား သောင်းချီ၍ ဆီးရီးယားသို့ ရောက်ရှိနေသော အချိန်လည်း ဖြစ်သည်။ သမ္မတပူတင် ကတော့ ကရင်မလင်ရှိ War Room ၌ အချိန်ပြည့် ထိုင်နေခဲ့ပြီး ဆီးရီးယားရှိ ပစ်မိန့်များကို ၄င်းကိုယ်တိုင် တိုက်ရိုက် အမိန့်ပေးနေ ခဲ့သည်။

တစ်ဖန် အမေရိကန်တို့၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် သမ္မတ ပူတင် လက်ထက်တွင် ရုရှားစီးပွားရေး ကျဆင်းခဲ့ပြီး အလုပ်လက်မဲ့ နှုန်းလည်း တိုးလာခဲ့ သောကြောင့် ရုရှား၏ သဘောထားသည် အနောက်အုပ်စု အပေါ် မပြောင်းလဲ နိုင်အောင် ဖြစ်နေရသည်။ ထို့ကြောင့် နေတိုးအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေး ရရှိရန် ကြိုးပမ်းချက်သည် အကောင် အထည်ပေါ် နိုင်မည်လား သို့မဟုတ် ပထမတစ်ကြိမ် တုန်းကကဲ့သို့ ဘာမျှရေရေ ရာရာ အကောင်အထည် မဖော်နိုင်ဘဲ ပြီးဆုံး သွားမည်လား ဆိုသည်ကို နိုင်ငံတိုင်းက စောင့်ကြည့် နေကြသည်။ ရုရှားဘက်က နေတိုး၏ ဆွေးနွေးပွဲ ကျင်းပရန် ပန်ကြားချက်ကို ကြိုဆိုခဲ့ပြီး ဇွန် ၈ ရက်နှင့် ၉ ရက်တို့တွင် ဆွေးနွေးပွဲ ကျင်းပရန် စီစဉ်ထားသည်။

ရုရှားသည် မေ ၂၁ ရက်က အမေရိကန် နှင့်ပူးပေါင်းပြီး ဆီးရီးယားရှိ ISIS တို့ကို ဗုံးကြဲရေးအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သည်။ အမေရိကန် တို့က ဘာဆင်ခြေမျှ မပေးဘဲ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။

ထို့ကြောင့် ရုရှားသာ ပူးပေါင်းလိုစိတ် အမှန်ရှိမည် ဆိုလျှင် နေတိုးနှင့် ဆွေးနွေးပွဲသည် အပေါင်းလက္ခဏာ ဆောင်သည့် ရလဒ်များသာ ထွက်ပေါ်လာမည် ဖြစ်ပြီး အနောက်အုပ်စု  ဦးဆောင်သည့် နေတိုးနှင့် ရုရှား ပြန်လည် သင့်မြတ်ရေး ရည်ရွယ်ချက်သည် လည်း အတိုင်းအတာ တစ်ခုအထိ အကောင်အထည် ပေါ်နိုင်မည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...