Social Icons

Pages

Wednesday, May 4, 2016

ကွမ်းသီးခြမ်း ဖြင့် အမာရွတ်ပျောက်နိုင်


ကွမ်းသီးခြမ်း ဖြင့် အမာရွတ်ပျောက်နိုင်

ကြည်မြင့်လွင် (မုဒြာ)

ကွမ်းစားရာတွင် အသုံးပြုသည့် ကွမ်းသီးခြမ်း၏ ဆေးဖက်ဝင် အာနိသင်ကို တင်ပြလို ပါသည်။

ကိုယ်တွေ့ ဖြစ်ပါသည်။ (စာတွေ့မဟုတ်ပါ) ဆိုင်ကယ်လဲပြီး မျက်နှာတစ်ခြမ်း စုတ်ပြတ် သွားကာ အနာများ ကျက်သွားသော အခါ အမာရွတ် ကျန်ခဲ့သော လူငယ် တစ်ဦးသည် မျက်နှာအလှကို ပျက်စေသော ထိုအမာရွတ် များကို အလွန် ပျောက်ချင်သည်။ သူ့မျက်နှာတွင် ပွန်းပဲ့ရာမှ ကျက်သွားပြီး ကျန်ခဲ့သော အမာရွတ်မှာ မကြီးလှသော် လည်း ကြောင်ကုတ် ထားသကဲ့သို့ အစင်းကြောင်း များအဖြစ် ကျန်နေခဲ့သည်။

လူငယ်တို့ သဘာဝ မျက်နှာကို မှန်ထဲကြည့်တိုင်း စိတ်ဓာတ်ကျရသည်။ ထိုအမာရွတ်ကို သနပ်ခါးဖြင့် အမြဲဖုံးထားရသည်။ ထိုလူငယ်၏ မိဘများက အကူအညီ တောင်းသဖြင့် ရှေးဟောင်းဆေး နည်းတို (ဆေးမြီးတို) ကျမ်းများတွင် ရှာဖွေဖတ်ရှု ကြည့်ရာ အမာရွတ်ကို ပျောက်စေနိုင်သော ဆေးဖက်ဝင် ပစ္စည်းနှစ်မျိုးကို တွေ့ရသည်။ ထို အမာရွတ် ပျောက်ဆေး ပစ္စည်းနှစ်မျိုးမှာ-

  • (၁) ကြိတ်မှန်ရွက် မှ ညှစ်၍ရသော အရည်ကို အမာရွတ်ပေါ်တွင် လိမ်းပေးခြင်း၊ ဆွတ်ပေးခြင်းကို နေ့စဉ် စိတ်ရှည်ရှည် ပြုလုပ်ပေးလျှင် အမာရွတ်သည် အဖြူရောင်မှ အနီရောင် အသားရောင်သို့ တဖြည်းဖြည်း ပြောင်းလာပြီး ပျောက်သွား နိုင်သည်။ ပင်ကိုယ် အသားရောင်နှင့် ရောပြီး မသိမသာ ဖြစ်သွားနိုင်သည်။
  • (၂) ကွမ်းစားရာတွင် အသုံးပြုသည့် ကွမ်းသီးခြမ်း (အခြောက်) ကို နေ့စဉ် သွေးလိမ်းပေး ခြင်းဖြင့် အနီရောင် ရှိသော၊ အမည်းရောင် ရှိသော အမာရွတ်များ တဖြည်းဖြည်း အရောင်ပြောင်းပြီး အဖြူရောင် အသားအရေနှင့် ထပ်တူနီးပါး ဖြစ်သွားနိုင်သည်။ 

စာရေးသူ ပြောသည့်အတိုင်း ကြိတ်မှန်ရွက် အရည်လိမ်းရန် ရှာကြည့်ရာ ရှာမရ။ (ကြိတ်မှန်ပင်သည် အလေ့ကျ ပေါက်ပင် ဖြစ်ပြီး မိုးတွင်းအချိန်တွင် အလွန်ပေါသည်) နွေရာသီဖြစ်၍ ရှာမရခြင်း ဖြစ်သည်။ ထို့ကြောင့် အလွယ်တကူ ရနိုင်သည့် ကွမ်းသီးခြမ်းကို သွေးလိမ်း ရာမှ တဖြည်းဖြည်း မသိမသာ အမာရွတ်များ အရောင်ပြောင်း လာသည်ကို သတိထား မိလာကာ ဆက်လိမ်း ဖြစ်သည်။ တစ်လကျော် လိမ်းပြီး သောအခါ သူ့ပါးပေါ်မှ အမာရွတ်သည် အသားရောင်နှင့် ထပ်တူနီးပါး ဖြစ်ပြီး ပျောက်သလောက် ဖြစ်သွားပြီ ဖြစ်သည်။ 
ကွမ်းဓလေ့ မှတ်တမ်းတွင် " တံတားဦးက ကွမ်းနုဝါ၊ ငါန်းမြာက ဆေး ၊ ကွမ်းသီးတောင်ငူ နှင့် ကိုင်းထုံးဖြူ ပြည်ရှား ၊ သာဝါးလို့ထွေး " ဟု တွေ့ရသည်။

ကွမ်းသီးတွင် တောင်ငူနယ်မှ ထွက်သော ကွမ်းသီးသည် အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။ ကွမ်းစားရင်တွင် အစပ်ဖြစ်သော ကွမ်းရွက်မှ အရည်နှင့်ထုံး မပေါက်အောင် ကွမ်းသီးနှင့် ရှားစေးက ထိန်းချုပ် ပေးသည်ဟု ဆိုသည်။

ကွမ်းသီးခြမ်း ကို သွေးလိမ်း ပေးလျှင် မျက်နှာပြင်ရှိ ဝက်ခြံပေါက်ပြီး ကျန်ခဲ့သော အမာရွတ် အမည်းစက် များလည်း ပျောက်ကင်းနိုင် သည်ဟု ဆေးမြီးတို ကျမ်းများတွင် ဖော်ပြထား သည်ကို တွေ့ရှိရပါသည်။ ကွမ်းသီးခြမ်းသည် ရှာဖွေရလွယ် တန်ဖိုးလည်းမရှိ မပျောက်ကင်း သည့်တိုင် ဘေးထွက် ဆိုးကျိုးလည်း မရှိသဖြင့် သုံးစွဲသင့် ပါသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...