Social Icons

Pages

Tuesday, May 10, 2016

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေ များကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ဆက်သွယ်စုံစမ်းနိုင်



မူဆယ် ၊ ၁၀-၅-၂၀၁၆

မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေ များကို ပြည်တွင်းမှ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်း လုပ်ငန်းများ ဆောင်ရွက် နေသော ကုန်သည်ပွဲစား လုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ် သူများ အနေဖြင့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် သို့ လာရောက် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

မြန်မာ့ သစ်သီးဝလံ များကို ဝယ်ယူမည့် တရုတ်နိုင်ငံမှ ကုန်သည် များသည် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် သစ်သီးပွဲရုံ ကုန်စည်ဒိုင် တွင် လာရောက် ကြည့်ရှုပြီး ဈေးပြိုင် စနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ်ကြကြောင်း သိရသည်။ အရောင်းအဝယ် ဖြစ်သည့် သစ်သီးများကို တရုတ်နိုင်ငံ အတွင်းသို့ ကုန်တင်ယာဉ် များဖြင့် သယ်ဆောင်လေ့ ရှိကြသည်။

ထို့အတူ မြန်မာနိုင်ငံ ဘက်မှ တရားဝင် တင်ပို့ခွင့်ပြု ထားသော်လည်း တရုတ်နိုင်ငံ ဘက်မှ ခွဲတမ်းစနစ်ဖြင့် ကန့်သတ် ထားသည့် ကုန်ပစ္စည်းများ နှင့် တရုတ်နိုင်ငံ ၏ စစ်ဆေးရေး အဖွဲ့က ခွင့်မပြု၍ ကန့်သတ်မှုများ ဖြစ်နေသည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ သကြားစသည့် လယ်ယာထွက် ပို့ကုန်ပစ္စည်းများ ကို ကုန်သွယ်ရေးဇုန် ၌ ပို့ကုန် လုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ဆေးပြီး မူဆယ်သို့ သယ်ဆောင်၍ မြို့တွင်း ဂိုဒေါင်များနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများရှိ ဂိုဒေါင်များတွင် သိုလှောင် ကြကြောင်း သိရသည်။

မူဆယ်မြို့ရှိ ဆန်ကုန်စည်ဒိုင် တွင် တရုတ်ကုန်သည် များနှင့် အရောင်းအဝယ် ဖြစ်ပါက ကျေးရွာများရှိ ဂိုဒေါင်များသို့ လာရောက် ကြည့်ရှုပြီး အရောင်းအဝယ် ဖြစ်ပါက နီးစပ်ရာ လမ်းကြောင်းမှ ကုန်တင်ယာဉ် များဖြင့် တရုတ် နိုင်ငံသို့ သယ်ဆောင် ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဘက်မှ ရာသီသီးနှံ ပေါ်ချိန်များတွင် တရုတ်နိုင်ငံ တောင်သူများ၏ ထုတ်ကုန်များ ဈေးနှုန်းကျဆင်း သဖြင့် အဆိုပါ တောင်သူများ၏ တင်ပြမှုကြောင့် တရုတ်နိုင်ငံ ဗဟိုအစိုးရက စစ်ဆေးရေး အဖွဲ့များနှင့် အတူ နယ်စပ်ဝင်၊ ထွက်ပေါက်များသို့ လာရောက် သတင်းယူ စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လေ့ ရှိကြောင်း ၊ အဆိုပါ ရာသီ အချိန်အခါ မျိုး၌ မြန်မာပို့ကုန် လယ်ယာ ထွက်ကုန် ပစ္စည်းများမှာ တရုတ်ကုန်သည် များနှင့် အရောင်း အဝယ် မဖြစ်တော့ဘဲ ဈေးကျခြင်း၊ အရောင်းအဝယ် ရပ်ဆိုင်းသွား ခြင်းများ ဖြစ်ပေါ်လေ့ ရှိသဖြင့် မြန်မာ ကုန်သည်များ နစ်နာမှုများနှင့် ကြုံတွေ့ရကြောင်း သိရသည်။

ထိုကဲ့သို့သော အခြေအနေ များကြောင့် မူဆယ်ဒေသ၏ ကုန်သွယ်မှု အခြေအနေများ၊ ပို့ကုန် သွင်းကုန် ပစ္စည်းများ အတွက် လိုင်စင် ထုတ်ပေးမှု အခြေအနေ၊ လိုင်စင် ဈေးနှုန်းများ၊ နှစ်နိုင်ငံ နယ်စပ်တွင် ဖြစ်ပေါ်နေသော နောက်ဆုံး လက်ရှိ အခြေအနေ များကို စုံစမ်းမေးမြန်း နိုင်ရန် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး ဇုန်၌ စုံစမ်းရေး ဌာနဖွင့်လှစ် ထားကြောင်းနှင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။ (၁၈ဝ)

ရတနာပုံနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...