Social Icons

Pages

Tuesday, May 17, 2016

ထိုင်းရိုးရာအကအဖွဲ့ က မြန်မာ့ရိုးရာ တူရိယာနှင့် အကပညာရပ်များကို သုံးပတ်ကြာ လေ့လာသင်ယူမည်



ရန်ကုန် ၊ ၁၇-၅-၂၀၁၆

BSRU ဟု အမည်ပေး ထားသည့် ထိုင်းရိုးရာ အဖွဲ့သည် မြန်မာ့ရိုးရာ တူရိယာနှင့် အကပညာရပ် များကို လေ့လာ သင်ယူရန် မြန်မာနိုင်ငံသို့  ရောက်ရှိ လာကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် သုံးပတ်ကြာ မြန်မာ ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)တွင် လာရောက် လေ့လာ သင်ယူရန် စီစဉ်ထားပြီး ယမန်နေ့ နံနက်ပိုင်းက မြန်မာ ယဉ်ကျေးမှု အနုပညာ တက္ကသိုလ် နှင့် ယဉ်ကျေးမှုအဖွဲ့ မှ တာဝန်ရှိ သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

''ကျွန်တော်က နှဲပညာရပ်နဲ့ ပတ်သက်ပြီး ပြသပေးမှာပါ။ သူတို့တွေက မြန်မာ တူရိယာတွေ အပေါ် စိတ်ဝင်တစား ရှိကြတယ်။ သိချင်တာ တွေလဲ မေးမြန်း စူးစမ်း ကြပါတယ်။ နှဲ၊ ပလွေ အနေနဲ့က Level ငါးဆင့် ရှိပါတယ်။ ပထမအဆင့်က တူရိယာတွေ အကြောင်း ဖွဲ့စည်း တည်ဆောက်ပုံ၊ အသုံးပြု ကိုင်တွယ်ပုံ တွေပါ။ ဒုတိယအဆင့်မှာ မှုတ်နည်းဟန်တွေ၊ Note တွေနဲ့ သင်ယူတာ တွေပါ။ နောက် အဆင့်က လေ့ကျင့်မှု၊ ဒီထက် တစ်ဆင့်မြင့် လာရင် နိုင်ငံတကာ Note တွေ၊ တခြားတူရိယာ တွေနဲ့ ပေါင်းစပ် ဖန်တီးမှု စတာတွေပါ။ သုံးပတ်ဆိုတဲ့ ကာလအတွင်းမှာ တော့ အခြေခံ မှုတ်တတ်အောင် ဆက်ပြီး လေ့လာလို့ ရအောင် ပို့ချပေးဖို့ စီစဉ်ထား ပါတယ်''ဟု နှဲ၊ ပလွေ ပညာရှင် ကိုမျိုးမင်းသန်း က ပြောပြသည်။

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ပြီး ရိုးရာတူရိယာ မှုတ်နည်းစနစ်၊ ဆိုင်းပညာ ကြေးတီး စသည်တို့ အပြင် အကပညာရပ် များကိုပါ လေ့လာသွားမည် ဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...