Social Icons

Pages

Wednesday, March 16, 2016

ဇွဲကပင်တောင် ကေဘယ်လ်ကားအသေး စီမံကိန်း ယခုနှစ်အတွင်း ပြီးစီးမည်



ဘားအံ ၊ ၁၆-၃-၂၀၁၆

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ဇွဲကပင် တောင်ခြေမှ တောင်ပေါ်သို့ ဆက်သွယ် တည်ဆောက်မည့် ကေဘယ်လ်ကား အသေး စီမံကိန်းကို ယခုနှစ် အတွင်း အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လုမ္ဗိနီ ဥယျာဉ်ကျောင်း တိုက်အုပ် ဆရာတော် ဦးဝိသုတ ၏ မိန့်ကြားချက် အရ သိရသည်။

''အဲဒီ ကေဘယ်လ် ကားအသေးကို ဦးစွာ တည်ဆောက် ရတာက လူစီးဖို့ မဟုတ်ဘဲ လူစီးကေဘယ်လ် ကားအကြီး တည်ဆောက် တဲ့အခါ လိုအပ်တဲ့ပစ္စည်း ကိရိယာတွေကို သယ်ယူ ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ် '' ဟု ဆရာတော်က ဆက်လက် မိန့်ကြား ခဲ့သည်။

အဆိုပါ စီမံကိန်းကို ဇွဲကပင်တောင် ဆရာတော်ကြီး နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာများ ပူးပေါင်း ဆောင်ရွက် နေခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာ လကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်း အတွက် စုစုပေါင်း ငွေကျပ် သိန်း ၂ဝဝဝ ကျော် ကုန်ကျမည် ဖြစ်ပြီး လက်ရှိ အချိန်ထိ လှူဒါန်းငွေ ကျပ်သိန်း ၁ဝဝဝ ကျော် ရရှိထားပြီး ဖြစ်သည်။ လက်ရှိတွင် ကေဘယ်လ်ကား ရပ်နားမည့် တာဝါတိုင် ကို တောင်ပေါ်နှင့် တောင်အောက်၌ တည်ဆောက်လျက် ရှိကာ ပြီးစီးသွားပါက သံမဏိကြိုး ဆွဲခြင်းလုပ်ငန်း ကို ဆက်လက် ဆောင်ရွက်မည် ဖြစ်သည်။

ထို့ပြင် ခရီးသည် စီးနင်း လိုက်ပါနိုင်မည့် ကေဘယ်လ်ကား အကြီး လုပ်ငန်းကို ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခု နှင့် ချိတ်ဆက် ဆောင်ရွက်ရန် ဇွဲကပင်တောင် ဆရာတော်ကြီး က ဂျပန်နိုင်ငံ သို့ မတ် ၇ ရက်တွင် ကြွရောက်ခဲ့ကြောင်း သိရသည်။

ကေဘယ်လ်ကား စီမံကိန်းကို ယခင်က မလေးရှားနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခု နှင့် ဆောင်ရွက်ရန် သဘောတူ ခဲ့သော်လည်း နောက်ပိုင်းတွင် သဘော တူညီချက် ပျက်ပြယ်  ခဲ့သဖြင့် စီမံကိန်းကာလ ကြာမြင့်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ တည်ဆောက် နေသည့် ကေဘယ်လ်ကား အသေး စီမံကိန်း ပြီးစီးသွားလျှင် မြန်မာနိုင်ငံ၏ ပထမဆုံး ကေဘယ်လ်ကား ပေါ်ပေါက် လာမည် ဖြစ်ကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...