Social Icons

Pages

Tuesday, March 15, 2016

ကူးစက်မြန် ဦးနှောက်အမြှေးရောင် ရောဂါအကြောင်း သိကောင်းစရာ




ဒေါက်တာ လွင်သန့် (ဆေး-၂)

ကူးစက်မြန် ဦးနှောက် အမြှေးရောင် ရောဂါဟာ Neisseia Meningitis ရောဂါပိုးကြောင့် ဖြစ်တာပါ။ ရောဂါပျိုးရက် နှစ်ရက် မှ ၁၁ ရက်အထိ ပျမ်းမျှ သုံးရက်မှ လေးရက် အထိ ကြာမြင့်တယ်။

ကူးစက်ပျံ့နှံ့ပုံ အရ ရောဂါရှိသူ ချောင်းဆိုးခြင်း၊ နှာချေခြင်း ကနေ တိုက်ရိုက်ကူးစက် နိုင်တယ်။ ရောဂါရှိသူရဲ့ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်က ထွက်တဲ့ အရည်၊ အသုံးအဆောင် ပစ္စည်းတွေကို ထိတွေ့မိရင်လည်း ကူးစက် နိုင်ပါတယ်။

ရောဂါလက္ခဏာ တွေကတော့ အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ဇက်တောင့်ခြင်း၊ ကြွက်သား နာကျင်ခြင်း၊ အရေပြားမှာ သွေးခြည်ဥများ ထွက်ခြင်း၊ အန်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းနဲ့ သွေးလန့်ခြင်း တို့ ဖြစ်တတ်ပါတယ်။ ငယ်ထိပ်မပိတ် သေးတဲ့ တစ်နှစ်အောက် ကလေးတွေမှာ ငယ်ထိပ် ဖောင်းခြင်းနဲ့ တင်းခြင်းတို့ ဖြစ်စေနိုင်တယ်။

ကူးစက်မြန် ဦးနှောက် အမြှေးရောင် ရောဂါ ပြန့်ပွားမှုနဲ့ အသက်ဆုံးရှုံးမှု ကို ကာကွယ်နိုင်ဖို့ ရောဂါရှိပြီ ဆိုတာသိတာနဲ့ တစ်ပြိုင်နက် နီးစပ်ရာ ကျန်းမာရေးဌာန မှာ ဆေးကုသမှု ခံယူဖို့ လိုအပ်တယ်။ ထိရောက် သေချာတဲ့ ကုသမှုဖြစ်ဖို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ပြသဖို့ လိုအပ်တယ်။ ကြိုတင် ကာကွယ်ခြင်း ကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုပြု ဆောင်ရွက်ခြင်း၊ နှာချေ၊ ချောင်းဆိုးရင် လက်ကိုင်ပဝါနဲ့ ဖုံးအုပ်ခြင်း၊ တံတွေး၊ သလိပ်ကို စည်းကမ်းမဲ့ ထွေးခြင်းကနေ ရှောင်ကြဉ်ခြင်းတို့ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားသူ ဒါမှမဟုတ် ရောဂါရှိတယ်လို့ သံသယရှိသူ တွေနဲ့ဆုံတဲ့ အခါ ရောဂါကူးစက်ခြင်း မရှိစေဖို့ နှာခေါင်းနဲ့ ပါးစပ်ဖုံးအုပ်ထားတဲ့ မျက်နှာဖုံး အကာအကွယ်နဲ့ တခြား အကာအကွယ် ပစ္စည်းတွေ သုံးရမယ်။ ပွဲလမ်းသဘင်၊ လူစည်ကားတဲ့ နေရာနဲ့ ဖုန်ထူထပ်တဲ့ နေရာတွေကို သွားလာခြင်းမှ ရှောင်ကြဉ်ရမယ်။

ကူးစက်မြန် ဦးနှောက် အမြှေးရောင် ရောဂါ ပြုစုကုသသူနဲ့ လူနာစောင့်တွေ အနေနဲ့ ဆေးကြိုတင် သောက်ထားဖို့ လိုပါမယ်။ စီဖရန် ၅ဝဝ မီလီဂရမ် နှစ်လုံး နှစ်ကြိမ် သောက်သုံးဖို့ လိုပြီး လူနာပြုစုချိန် နှာခေါင်းစည်း၊ ပါးစပ်စည်း၊ လက်အိတ်နဲ့ ခြေအိတ် ဝတ်ဆင်ထားဖို့ လိုပါတယ်။ စနစ်တကျ ဆေးကြောသန့်ရှင်း ပြီးမှသာ အပြင် ထွက်သင့်ပြီး လူနာရဲ့ စားကြွင်းစားကျန် တွေကို စနစ်တကျ စွန့်ပစ်ဖို့ လိုအပ်ပါတယ်။ လူနာကို သီးခြားခွဲ ထားပြီး စနစ်တကျ ဆေးကုသမှု ခံယူဖို့လိုပါတယ်။ ဆေးကုသမှု နှောင့်နှေးရင် သွေးဆိပ်တက်ပြီး သေဆုံးနိုင် ပါတယ်။ အစုလိုက် ဖြစ်ပွားတတ်လို့ သေချာ ဂရုစိုက်ဖို့ လိုပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...