Social Icons

Pages

Wednesday, March 16, 2016

အရည်အသွေးကောင်း စကျင်ကျောက် ကုန်ကြမ်းရှားပါး လာခြင်းကြောင့် မတ္တရာမြို့နယ်ရှိ ပန်းတမော့ကျောက်ဆစ် လုပ်ငန်း အခက်အခဲဖြစ်



မတ္တရာ ၊ ၁၆-၃-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် အတွင်းရှိ စကျင်ကျေးရွာ သည် မြန်မာ့ ပန်းဆယ်မျိုးဝင် ပန်းတမော့ ကျောက်ဆစ် လုပ်ငန်းများ ဖြစ်သည့် ဆင်းတုရုပ်ပွား တော်များ၊ ရုပ်လုံးရုပ်ကြွများ၊ သိမ်တိုင်၊ ကမ္ပည်းတိုင်၊ ကျောက်စာတိုင်များ၊ ကျောက်ပြား များကို ပြည်တွင်း၌ သာမက အိမ်နီးချင်း နိုင်ငံများ အတွက်ပါ ကိုးကွယ်ရာ ဘာသာအလိုက် ရှေးနှစ်ပေါင်း များစွာကပင် စကျင်ရွာမှ ထွက်ရှိသည့် စကျင်ကျောက် များဖြင့် ထုဆစ်ဖန်တီး ပေးခဲ့ကြပြီး ယခုအခါ စကျင်ရွာမှ ကျောက်ဆစ် လုပ်ငန်းရှင် များသည် ပြည်ပဈေးကွက်ကို တိုက်ရိုက်တင်ပို့ လာနိုင်ကြ သဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်း လာသော်လည်း တစ်နေ့ထက် တစ်နေ့ အရည်အသွေး ကောင်းသည့် စကျင်ကျောက် ကုန်ကြမ်း ရှားပါးလာ ခြင်းကြောင့် ပန်းတမော့ ကျောက်ဆစ် လုပ်ငန်း အခက်အခဲ ဖြစ်နေသည် ဟု စကျင်ကျေးရွာ ဒေသခံများက ပြောပြသည်။

စကျင်ကျေးရွာ၏ အဓိက အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ဖြစ်သည့် ပန်းတမော့ ကျောက်ဆစ် လုပ်ငန်းအတွက် ၄င်းကျေးရွာ အတွင်းရှိ စကျင်တောင်ကြီး များသည် ပင်မ အသက်သွေးကြော ဖြစ်သကဲ့သို့ ရွာအနီး ပတ်ဝန်းကျင်ရှိ စကျင်တောင်ငယ် များသည်လည်း အဓိကကုန်ကြမ်း ထုတ်ပေးရာ နေရာများ ဖြစ်သည်။

စကျင်တောင်မှ ထွက်ရှိသော စကျင်ကျောက် အရိုင်းတုံးများနှင့် အချောထည် များကို ယခင်အချိန် က မန္တလေးမြို့ရှိ ကျောက်ဆစ်တန်း ဈေးကွက် တစ်ခုတည်းကိုသာ အားထားခဲ့ကြ ရသော်လည်း ၂ဝ၁ဝ ပြည့်နှစ်ခန့်မှ စတင်ကာ တရုတ် ကုန်သည်များ စကျင်ဒေသထိ တိုက်ရိုက် ဆင်းဝယ်ယူမှုများ ရှိလာသဖြင့် တရုတ်နိုင်ငံ ဈေးကွက်ရရှိ ထားပြီးဖြစ်သည်။ ယခုအခါ ပြည်ပဈေးကွက် ကျယ်ပြန့်လာပြီး မူဆယ်မြို့မှ တစ်ဆင့် ရွှေလီ၊ ထိုင်ဝမ်၊ ဟောင်ကောင်အ စရှိသည့် တရုတ်နိုင်ငံ ဈေးကွက်အပြင် မြဝတီ၊ တာချီလိတ်မှ တစ်ဆင့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ တို့ကိုပါ တင်ပို့နေကြ ရသည်။ ထို့ပြင် သီရိလင်္ကာနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ အနောက် ဥရောပနိုင်ငံ အချို့ထိတိုင် စကျင်ကျောက်မှ ထွက်ရှိသည့် ကုန်ချောများကို တင်ပို့နေရပြီ ဖြစ်ကြောင်း စကျင်ကျေးရွာမှ ကျောက်ဆစ် လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

မြန်မာ့ရိုးရာ ပန်းဆယ်မျိုးတွင် တစ်ခုအပါအဝင် ဖြစ်သည့် ပန်းတမော့ ကျောက်ဆစ်လုပ်ငန်း သည် ဈေးကွက်အရ ကျယ်ပြန့် လာသော်လည်း ကုန်ကြမ်းရရှိရန် အရင်းအနှီး ကြီးလာခြင်း၊ အရည်အသွေး ကောင်းသည့် ပထမတန်းစား စကျင်ကျောက် ရှားပါးလာခြင်းများ ရှိသည်ဟု စကျင်ဒေသခံ ရွာသားများ၏ ပြောပြချက် အရ သိရသည်။ (၁၇၃)

ရတနာပုံနေ့စဉ် ၊ စာ(၂၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...