Social Icons

Pages

Thursday, March 31, 2016

ရန်ကုန်မြို့ရှိ ဈေးများတွင် ရက်လွန်အစားအသောက် နှင့် ဆေးဝါးများ ရောင်းချမှု လျော့နည်းစေရေး ရှောင်တခင် စစ်ဆေး



ရန်ကုန် ၊ ၃၁-၃-၂၀၁၆

ရန်ကုန်မြို့ရှိ ရောင်းဝယ် ဖောက်ကားမှု အများဆုံး ဈေးကြီးများတွင် ရက်လွန် အစားအသောက်နှင့် ဆေးဝါးများ ရောင်းချမှု လျော့နည်းစေရေး အတွက် ရှောင်တခင် စစ်ဆေးခြင်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ သိရသည်။

ရန်ကုန်မြို့၏ ရောင်းဝယ် ဖောက်ကားမှု များပြားသော ဈေးကြီးများ ဖြစ်သည့် သိမ်ကြီးဈေး၊ သီရိမင်္ဂလာဈေး၊ မင်္ဂလာဈေး နှင့် ဗိုလ်ချုပ်ဈေး အစရှိသော ဈေးများကို အဓိကထား စစ်ဆေးမည် ဖြစ်ပြီး ယင်းကဲ့သို့ စစ်ဆေးရာတွင် ရက်လွန် အစားအသောက်များ နှင့် ရက်လွန်ဆေးဝါးများ ရောင်းချခြင်း ရှိ၊မရှိ၊ စားသောက်ကုန် များတွင် ဆိုးဆေးများ အသုံးပြုခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် ရက်လွန် အစားအသောက် ရောင်းချမှုများကို တွေ့ရှိပါက ပစ္စည်းများ သိမ်းဆည်းကာ ပထမအဆင့် အဖြစ် သတိပေးမည် ဖြစ်ပြီး ထပ်မံတွေ့ရှိပါက ဒဏ်ငွေ ငွေကျပ် တစ်သောင်းမှ ငါးသိန်းအထိ ဒဏ်ရိုက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာန မှ သိရသည်။

ထိုသို့ ရှောင်တခင် လိုက်လံ စစ်ဆေးချိန်တွင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (ရန်ကုန်)မှ တာဝန်ရှိသူများ ပါဝင်မည်ဖြစ်ပြီး သံသယရှိ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် များကို ဓာတ်ခွဲခန်း၌ စစ်ဆေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး ဌာနက ထုတ်ပြန် ထားသည်။

ထို့ပြင် ရှောင်တခင် စစ်ဆေးမှု များကို ယမန်နှစ်များ ကလည်း ဆောင်ရွက်ခဲ့ပြီး စစ်ဆေးချက်များ အရ မျှစ်နှင့် ငါးပိတို့တွင် ဆိုးဆေးနှင့် ဝမ်းရောဂါ ဖြစ်စေနိုင်သော ပိုးမွှားများ တွေ့ရှိရမှုမှာ အများဆုံး ဖြစ်ကြောင်း၊ ယခုနှစ်တွင် မြို့နယ် အဖွဲ့အစည်း များနှင့် ပူးပေါင်းကာ အရှိန်အဟုန် မြှင့်တင်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...