Social Icons

Pages

Tuesday, March 15, 2016

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာ ရုပ်သေးပွဲတော်ကို မန္တလေးမြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပမည်



မန္တလေး ၊ ၁၅-၃-၂၀၁၆

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ရုပ်သေးပွဲတော်ကို ဧပြီ ၂ နှင့် ၃ ရက်တို့တွင် မန္တလေးမြို့ရှိ အမျိုးသား ဇာတ်ရုံတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်ကို နံနက် ၉ နာရီမှ စတင်ကာ ည ၉ နာရီထိ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာ ရုပ်သေးပွဲတော် တွင် မြန်မာနိုင်ငံမှ ရုပ်သေး ပညာရှင် များနှင့် နိုင်ငံတကာမှ ရုပ်သေး ပညာရှင်များ ပူးပေါင်း၍ ယဉ်ကျေးမှု အနုပညာ လက်ရာများ ပြသသွားမည် ဖြစ်ကြောင်း အဆိုပါပွဲ စီစဉ်သူ မြန်မာရုပ်စုံ သဘင်အသင်းမှ အတွင်းရေးမှူး ဦးကျော်မျိုးကို က ပြောပြသည်။

''ဒီပွဲကို ကျင်းပဖြစ်တာက မြန်မာ့ရုပ်စုံ သဘင်ကို အခု ပြည်သူတွေ၊ နောက်ပြီး လက်ရှိ ရှိနေတဲ့ ပညာရှင်တွေက မြန်မာ့ ရုပ်သေးကို အသင့်တော်ဆုံး ပြန်လည်ဆုံတွေ့နိုင်အောင်အဖြေ ရှာတဲ့ပွဲတော် ဖြစ်ပါတယ်။ ဒီပွဲမှာ သင်တန်းဖွင့် ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ လဲပါဝင်ပြီး သူတို့ရဲ့ ရုပ်သေး လက်ရာတွေကိုလဲ ပါဝင်ပြသ သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။

၎င်းပွဲတော်တွင် မြန်မာနိုင်ငံရှိ ရုပ်သေးပညာရှင်များ ဖြစ်သည့် ရန်ကုန်မြို့မှ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့၊ မန္တလေးမြို့မှ မြန်မာ့ရုပ်စုံ သဘင်အသင်း အဖွဲ့နှင့် အင်ဒိုနီးရှား၊ ဂျာမနီ၊ ထိုင်းနိုင်ငံ စသည့် နိုင်ငံများမှ ရုပ်သေးအဖွဲ့ချုပ် အနုပညာရှင် ပေါင်းများစွာ လာရောက်၍ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော် တွင် စာတမ်းဖတ်ပွဲများ၊ ဈေးရောင်း ပွဲတော်များ၊ ကျောင်းသူ၊ ကျောင်းသား များ၏ ရုပ်သေး Performance လက်ရာများနှင့် ညပွဲတွင် မြန်မာနိုင်ငံမှ ရုပ်သေး ပညာရှင်အဖွဲ့ တစ်ဖွဲ့နှင့် ပြည်ပမှ ရုပ်သေး ပညာရှင်အဖွဲ့ တို့ ပူးတွဲကျင်းပမည့် အစီအစဉ်များ ပါဝင်မည် ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...