နီပေါနိုင်ငံမြေငလျင် ကိုးလအလွန် . . .
၂ဝ၁၅ ခုနှစ်ဧပြီ ၂၅ ရက်မှာ နီပေါနိုင်ငံမြို့တော် ခတ္တမန္ဒူနဲ့ ၁၈၆ ကီလိုမီတာ အကွာ လမ်ဂျွန်းခရိုင်ကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိတဲ့ မြေငလျင်ကြီး လှုပ်ခတ်သွားခဲ့လို့ လူဦးရေ ၈၆၁၇ ဦး သေဆုံးခဲ့ပြီး ၁၆၈ဝ၈ ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။ ငလျင်ဒဏ်ကို လူဦးရေ ၅ ဒသမ ၆ သန်းက ခံစားခဲ့ရပြီး လူဦးရေ ၂ ဒသမ ၈ သန်းဟာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ စုစုပေါင်း ပျက်စီးခဲ့တဲ့ လူနေအိမ်ခြေ ၄၇၃ဝဝဝ ရှိတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ က ထုတ်ပြန်ကြေညာ ထားပါတယ်။
နီပေါငလျင် ကယ်ဆယ်ရေး လုပ်ငန်းအတွက် လူသားချင်းစာနာ ထောက်ထားမှု အေဂျင်စီပေါင်း ၃၃ဝ ဟာ ဒီနေ့အချိန်ထိမှာ လူသားချင်း ကယ်ဆယ်မှု လုပ်ငန်းပေါင်း ၂၂ဝဝ ကျော် လုပ်ဆောင်ခဲ့ ပါတယ်။ ကုလသမဂ္ဂနဲ့ လက်အောက်ခံ လူသားချင်း စာနာ ထောက်ထားမှု အဖွဲ့တွေက နီပေါငလျင် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၄၃၂ သန်း တောင်းဆိုထား ရာမှာ အခုချိန်ထိ ၈၈ ဒသမ ၂ သန်းပဲ ရရှိပါသေးတယ်။
ဒီငွေတွေကို UK ၃၁ သန်း ၊ တရုတ်က ၂၂ သန်း ၊ နော်ဝေက ၁၉ သန်းနဲ့ အမေရိကန် ပြည်ထောင်စု က ၁၅ သန်းလှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။
နီပေါအစိုးရကတော့ ငလျင်ဘေး ကယ်ဆယ်ရေး လုပ်ငန်းအတွက် ပေးပို့လိုက် တဲ့ နိုင်ငံတ ကာ ထောက်ပံ့ရေးပစ္စည်း တွေကို လေဆိပ်မှာရော၊ နယ်စပ် ဖြတ်ကျော်ဂိတ် တွေမှာပါရပ်တန့် စစ်ဆေးပြီး ထောက်ပံ့ရေးပစ္စည်း စီးဆင်းမှုကို တစ်ပတ်ခန့် ကြန့်ကြာစေခဲ့တဲ့ အတွက် ဒုက္ခဆင်းရဲ ရောက်နေတဲ့ နီပေါနိုင်ငံသူ နိုင်ငံသားများ အကြီးအကျယ် စိတ်ဆိုးဝေဖန် ခဲ့ကြပါတယ်။ အခုငလျင်လှုပ်ပြီး ကိုးလတင်းတင်း ပြည့်ပါပြီ။ ငလျင်လှုပ်ခတ်မှု ထဲမှာ ရွာလုံးကျွတ် ဆုံးရှုံးပျက်စီး ခဲ့ရသူတွေ၊ ခတ္တမန္ဒူက ဒုက္ခသည်စခန်းတွေ ထဲမှာ ရွက်ဖျင်တဲလေးနဲ့ ဖြစ်သလိုနေနေ ရတဲ့ ထောင်သောင်းချီတဲ့ မိသားစုပေါင်း များစွာအတွက် အခုအချိန်ထိ နေစရာအိမ်ဆိုတာ အဆင်မပြေသေး ပါဘူး။ အဆင်မပြေ သေးတဲ့အပြင် သက်ဆိုင်ရာ ဒုက္ခသည်စခန်းက လူတွေကို အတင်းအကျပ် နေရာရွှေ့ပြောင်း နေတယ်လို့ သိရပါတယ်။
''ကျွန်မတို့က ဆင်ဒူးပေါ်လ်ချုပ် ခရိုင်ကပါ။ ကျွန်မတို့ရဲ့ သာသိုပါနီရွာဟာ ငလျင်ဒဏ်ကြောင့် တစ်ရွာလုံး မြေကြီးအောက် ရောက်သွားခဲ့ ပါတယ်။ အဲဒီကတည်းက ရွာလုံးကျွတ်လိုလို ခတ္တမန္ဒူမြို့ကို လာပြီးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေထိုင်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့ မိသားစုတွေ အားလုံးခုနစ်လ လောက်မြေကြီးပေါ်မှာ ဖြစ်သလို နေခဲ့ရပါတယ်။ အဲဒီနောက် ကျွန်မတို့ကို ဒုက္ခသည်စခန်းမှာ နေထိုင်ခွင့် မပေးတော့ဘဲ အတင်းအဓမ္မ အိမ်ငှားနေထိုင်ခိုင်း ပါတယ်'' လို့ ကလေးလေးယောက် နှင့်အတူမြို့ပေါ် လာရောက်ခိုလှုံ နေသည့် တာမန်း ဆိုသူအမျိုးသမီး က ပြောပါတယ်။
''ကျွန်မအိမ်ပြန်ချင် ပါတယ်။ ဒီမှာပိုက်ဆံလဲ မရှာတတ်ပါဘူး။ ကျွန်မတို့ကို အခန်းငှားနေဖို့ နေ့စဉ်လာပြော နေပါတယ်။ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာတဲ့ ကျွန်မတို့မှာ ဘယ်က ပိုက်ဆံရှိရ မှာလဲ။ ကလေး နှစ်ယောက် အသက် မသေအောင် မနည်းပြုစု စောင့်ေ ရှာက် နေရတယ်၊ အစိုးရရဲ့ ပြန်လည် ထူထောင်ရေး စီမံကိန်း ဆောင်ရွက်နေဆဲမို့ ခဏစောင့်ပါဦး ဆိုတဲ့ စကားကိုပဲ ကြားနေရတာ လပေါင်းများစွာ ကြာနေပါပြီ။
ငလျင်လှုပ်တုန်းက ကျွန်မတို့အပေါ် တဝုန်းဝုန်းနဲ့ ပြိုကျလာတာ တွေကနေ အသက်မသေဘဲ လွတ်မြောက်ပြီး ခတ္တမန္ဒူကို ရောက်လာတော့ ကျွန်မ အရမ်းဝမ်းသာ ခဲ့ပါတယ်။ အခုတော့ ငလျင်ဒဏ်ကြောင့် မြေစာပုံပဲ ကျန်တော့တဲ့ ကျွန်မရဲ့ရွာကိုပဲ တော်တော်ပြန်ချင် နေမိပါတယ်။ ဒီမှာဘာမှ အဆင်မပြေပါဘူး '' လို့ တာမန်း က ဆက်လက် ပြောပြပါတယ်။
သူမသည် အသက်ခြောက်နှစ် အရွယ်ကလေးနှင့် ကိုးနှစ်အရွယ် ကလေးအပါအဝင် သားသမီးလေးဦး ရရှိထားကာ အသက် ၂၅ နှစ်ပဲရှိသေး ပေမယ့် စိတ်ထောင်း ကိုယ်ကြေပြီး အိုစာနေရှာ ပါပြီ။ ခတ္တမန္ဒူမှာ ယာယီတဲတွေ ထိုးပြီးလူဦးရေ ၈ဝဝဝ ထက်မနည်း နေထိုင်နေဆဲပါ။ ရရာအခန်းတွေငှားပြီး မိသားတစ်စုလုံး ပြွတ်သိပ်နေထိုင် နေသူဦးရေ ကလဲ ထောင်သောင်းချီပြီး ရှိပါတယ်။ နဂိုကတည်းကမှ ရှိတဲ့မြို့နေ လူဦးရေ ၂ ဒသမ ၅သန်းအတွက် ရေ၊ လျှပ်စစ်၊ ဓာတ်ငွေ့၊ သယ်ယူပို့ဆောင်ရေး မလုံမလောက် ဖြစ်နေတဲ့အပေါ် နောက်ရောက်လာတဲ့ ဒုက္ခသည်တွေလဲ ထပ်တိုးလာတော့ ခတ္တမန္ဒူ တစ်မြို့လုံးဟာ ကုပ်ပိုးခွစီးခံရတဲ့ တောင်တက်သမားလို တုံ့နှေးနေခဲ့တာ အခုအချိန်ထိ ပဲ ဖြစ်ပါတယ်။ ခတ္တမန္ဒူရဲ့ ရေပေးဝေရေး လုပ်ငန်းကမြို့နေ လူထုရဲ့ ထက်ဝက်ကိုတောင် လောက်ငအောင် မပေးနိုင်ပါဘူး။ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရေပိုက်လိုင်းတွေ၊ ထပ်တိုးလာတဲ့ လူတွေ ပေါင်းလိုက်ရင် ခတ္တမန္ဒူမှာ ရေရှားပါးမှုဟာ ဘယ်လောက်ထိ ဆိုးရွားနေတယ် ဆိုတာ တွေးကြည့်ရင် သိသာထင်ရှား နေပါတယ်။
ဒီအခြေအနေကို ပိုဆိုးစေတာကတော့ ရေမရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ အညစ်အကြေး စွန့်ပစ်မှုကိုလဲ စံချိန်မီသန့်ရှင်းအောင် မလုပ်နိုင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကနဦးစီမံချက်အရ အိမ်ပျက်စီးသွားသူ ဦးရေနှစ်သန်းခန့် ကို အိမ်ပြန်လည် တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ၂ဝဝဝ ကျစီပေးမယ်ဆိုတဲ့ အစီအစဉ်ကလဲ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်သွားပါတယ်။ နိုင်ငံရေးသမားတွေ အချင်းချင်း လက်ညှိုးထိုး အငြင်းအခုံ ဖြစ်ကြပြီး အမျိုးသား တည်ဆောက်ရေး အာဏာပိုင်အဖွဲ့ကိုလဲ ယာယီဖျက်သိမ်း လိုက်လို့ ဖြစ်ပါတယ်။ အိမ်ပြန်လည် တည်ဆောက်စရိတ် ပေးမယ့် ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကို အလှူရှင်တွေကနေ အရန်သင့်ရထား ပါလျက်နဲ့ လိုအပ်နေတဲ့ လူထုဆီကို ရောက်မသွားနိုင် ဘူး ဖြစ်နေတာပါ။ တစ်ချိန်တည်းမှာ နီပေါရဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ပေါ်ကန့်ကွက် ဆန္ဒပြမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနယ်စပ် အရေးကြောင့်လဲ နီပေါနိုင်ငံထဲ အခြေခံလူသုံးကုန် ပစ္စည်းဝင်ရောက် လာမှုကိုဟန့်တား နေသလို နီပေါတစ်နိုင်ငံလုံး လောင်စာ ဆီ ပြတ်လပ်တဲ့အထိ ပြဿနာမျိုးနဲ့လဲ အကြိမ်ကြိမ်ကြုံ နေခဲ့ပါတယ်။ နီပေါမှာ ထမင်းဟင်းချက်ပြုတ်ဖို့ အဓိက အသုံးပြုတဲ့ ဂက်စ်ဓာတ်ငွေ့ ဈေးလဲငါးဆထက် မနည်း တက်သွားပါတယ်။ ငွေကြေးဖောင်းပွမှု ကလဲ ၁၁ ဒသမ ၆ ရာခိုင်နှုန်း ရှိနေပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ရဲ့ ရက်ရက်စက်စက် အေးခဲလှ တဲ့ ဆောင်းတွင်းဒဏ်ကို မြေငလျင်ဒဏ်ခံခဲ့ ရတဲ့ခရိုင်ပေါင်း ၁၄ ခရိုင်က ဒုက္ခသည်တွေဟာ ယာယီတဲတွေ ထဲက မြက်ခင်းပေါ်မှာ ခြုံစောင်ပါးပါး လေးတွေနဲ့ ခိုက်ခိုက်တုန်ရင်း အန်တုကျော် လွှား နေရတာပါ။အနွေးထည်ဝယ်ဖို့ တစ်မိသားစုကို ဒေါ်လာ ၂၅ဝ ပေးမယ်ဆိုတာ ကလဲ ၁၅ဝ ပဲရသေးပြီး နောက် ၁ဝဝ ကိုဘယ်တော့ ရမယ် မသိသေးပါဘူးတဲ့။ ဒီတော့ မြေငလျင်လှုပ်ပြီး ကိုးလလွန်မြောက်ခဲ့ပြီဖြစ်ပေမယ့် နီပေါမြေငလျင်ဘေး ဒုက္ခသည်တွေရဲ့ အခြေအနေဟာ အားရစရာ မရှိသေးကြောင်း၊ နေစရာအိမ်လဲ အဆင်မပြေသေး သလို ဝတ်စားဆင်ယင်မှု လဲ မလုံမလောက် ဖြစ်နေပြီး ကလေးတွေမှာလဲ ကျောင်းတက်ရဖို့ ဝေးလို့ အသက်မသေအောင် ကြိုးစားရှင်သန် နေရဆဲဖြစ်တာကို လေ့ လာရေးသား တင်ပြ လိုက်ရပါတယ်။
ရတနာပုံနေ့စဉ် ၊ စာ(၃၂)

No comments:
Post a Comment