Social Icons

Pages

Friday, January 29, 2016

ဒစ်ဂျစ်တယ် ငလျင်တိုင်းတာစက်သစ်များကို ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တပ်ဆင်ပြီးစီး ကျန်မြို့သုံးမြို့၌လည်း ယခုလအတွင်း အပြီး တပ်ဆင်မည်


ရန်ကုန် ၊ ၂၉-၁-၂၀၁၆

ဒစ်ဂျစ်တယ် ငလျင် တိုင်းတာစက်သစ် များကို ရန်ကုန်နှင့် မန္တလေးမြို့ တို့၌ ဇန်နဝါရီ ပထမပတ်အတွင်း တပ်ဆင်ပြီးစီး ခဲ့ပြီး ကျန်မြို့သုံးမြို့ ၌လည်း ယခုလအတွင်း အပြီး တပ်ဆင်သွားမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ငလျင်တိုင်းတာ စက်များကို အမေရိကန် ဘူမိလေ့လာရေး အဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ကျိုင်းတုံ၊ တမူးနှင့် ဟားခါးမြို့တို့၌ တပ်ဆင်သွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဒစ်ဂျစ်တယ် တိုင်းတာစက်များ အသုံးပြုခြင်းဖြင့် ငလျင် လှုပ်ရှားမှု များနှင့် ပတ်သက်ပြီး ပိုမို မှန်ကန်သည့် အချက်အလက်များကို ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ ငလျင်ဘေး ဖြစ်ပွားနိုင်သော ပြတ်ရွေ့များရှိရာ ဒေသများတွင် ရှိသည့် မိုးလေဝသနှင့် ဇလဗေဒစခန်း ၂ဝ ခန့်တွင် ငလျင်တိုင်းတာ စက်များ တပ်ဆင် ထားပြီးဖြစ်သည်။ အဆိုပါစက်များ မှ တိုင်းတာရရှိသည့် အချက်အလက် များသည် ငလျင် တစ်ကျော့ပြန် ဖြစ်နိုင်ခြေကို ပြန်လည် တွက်ချက်ရာတွင် အသုံးဝင်မည် ဖြစ်ပြီး ငလျင်ဘေး အန္တရာယ် လျှော့ချရေး အတွက်လည်း အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ငလျင်ဖြစ်ပွား နိုင်ခြေများသော နိုင်ငံ၌ ပါဝင်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှ မုတ္တမ ပင်လယ်ကွေ့ အထိ ကီလိုမီတာ ၁၅ဝဝ ခန့်ရှည်လျားသော စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်တွင် ရစ်ခ်ျတာစကေး ၇ အထက်ရှိ အင်အားကြီး ငလျင်ကြီးများ လှုပ်ခတ်ခဲ့သောမှတ်တမ်းများ ရှိခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...