Social Icons

Pages

Thursday, January 14, 2016

Agate လိပ်ကျောက်ရောင်စုံများ ၀ယ်ယူမှုများပြားလာ



ရန်ကုန် ၊ ၁၄-၁-၂၀၁၆

သလင်းကျောက် အမျိုးအစားတွင် ပါဝင်ပြီး အရောင်းအဝယ် သမားများအတွက် အထူးရောင်းပန်း၊ ဝယ်ပန်း ကောင်းမွန်စေသော အဆောင်ယတြာ အဖြစ် အသုံးပြုသည့် Agate လိပ်ကျောက် ရောင်စုံများ ဈေးကွက် အတွင်းတွင် ဝယ်ယူမှု များပြားနေကြောင်း သိရသည်။

'' Agate လိပ်ကျောက်က ရောင်စုံလာတယ်။ ဈေးနှုန်းလည်း အစားစား ရှိပါတယ်။ လက်ရှိမှာ အရောင်းအဝယ် သမားတွေက ဒီကျောက်ကို ဝတ်ဆင်ရင် လာဘ်လာဘ ကောင်းတယ်။ ဆိုင်မှာဖြစ်ဖြစ် ချိတ်ဆွဲဆောင် ထားရင် ဈေးခေါ် ကောင်းတယ်။ ကျန်းမာရေး အနေနဲ့လည်း ကောင်းမွန်တယ်လို့ ထင်မြင်ကြတာ တွေကြောင့် ဒီ Agate လိပ်ကျောက်လေးတွေ ရောင်းချရမှု များလာတာပါ'' ဟု သလင်းကျောက် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

Agate လိပ်ကျောက်များမှာ အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ လိမ္မော်၊ အညို၊ ပန်းရောင်၊ အသားရောင်၊ မီးခိုးရောင်နှင့် အနက်ရောင် များရှိပြီး ယင်းတို့ထဲတွင် မဟူရာကျောက် နှင့် တွဲဖက်ဝတ်ဆင် ရသည့် အနက်ရောင် Agate လိပ်ကျောက် မှာ ပိုမိုရောင်းချ ရကြောင်း၊ ထို့ပြင် Agate အစိမ်းရောင်မှာ ကျောက်စိမ်းရောင် နှင့် ဆင်တူသောကြောင့် တရုတ် လူမျိုးများက နှစ်ခြိုက်စွာ ဝယ်ယူ ဝတ်ဆင်မှုများ ရှိကြောင်း သိရသည်။

Agate လိပ်ကျောက်များကို ဖန်စီ ပုံသဏ္ဌာန်ဖြင့် သော်လည်းကောင်း၊ ငွေထည်ဖြင့် တွဲဖက်၍ သော်လည်းကောင်း ပုံစံမျိုးစုံဖြင့် ရောင်းချကြပြီး ဈေးနှုန်း များမှာလည်း အရောင်အသွေး ပုံသဏ္ဌာန်နှင့် အရည်ဝင်မှု များအပေါ် မူတည်၍ အနည်းဆုံး ကျပ် ၆ဝဝဝ မှ သိန်းနှင့်ချီ၍ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...