Social Icons

Pages

Monday, December 14, 2015

အနာဂတ်မြန်မာ့လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရန် ကုန်အမှတ်တံဆိပ် နှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်များ ထားရှိရန်လိုအပ်


ရန်ကုန် ၊ ၁၄-၁၂-၂၀၁၅

ဒီဇိုင်း တစ်ခုသည် လုပ်ငန်းတစ်ခု အတွက် သာမက နိုင်ငံ တစ်နိုင်ငံ အတွက်လည်း တိုးတက်မှု ဖြစ်စေသဖြင့် အနာဂတ် မြန်မာ့ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး စေရန် ကုန်အမှတ် တံဆိပ်နှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်များ ထားရှိရန် လိုအပ် ကြောင်း ယမန်နေ့ နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသော ကုန်အမှတ် တံဆိပ်နှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့် ၂ဝ၁၅ အလွန် ဆွေးနွေးပွဲမှ သိရသည်။

လုပ်ငန်းတစ်ခု အတွက် ဒီဇိုင်းတစ်ခု သည် ထုတ်လုပ်သည့် ကုန်ကျစရိတ်အား နည်းစေခြင်း၊ များစေခြင်းများ လုပ်ဆောင် နိုင်သောကြောင့် ကုန်ပစ္စည်း တစ်ခုအတွက် ဒီဇိုင်းပိုင်းသည် များစွာ အရေးပါကြောင်း၊ လုပ်ငန်းများ အတွင်း အရေးပါသော ကုန်အမှတ် တံဆိပ်နှင့် ဒီဇိုင်းများ ကို မှတ်ပုံတင် လုပ်ဆောင်ခြင်းဖြင့် ကာကွယ်မှု ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

အမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပြီး အခြားပုဂ္ဂိုလ် များမှဖြစ်စေ၊ တရားရုံးမှဖြစ်စေ ဝင်ရောက် စွက်ဖက်ပါက ယင်းကဲ့သို့ မှတ်ပုံတင် ခြင်းသည် ပို၍ခိုင်မာသော ကာကွယ်မှုအား ရစေမည် ဖြစ်သည်။

ထို့ပြင် ကုန်အမှတ်တံဆိပ် ပိုင်ရှင်များ အနေဖြင့် မိမိ အမှတ်တံဆိပ် တစ်ခုအား အလားတူ ဆင်တူယိုမှား အတုအပ ပြုလုပ်ထားသော ထုတ်ကုန်များကို ရောင်းချခြင်း၊ အလွဲသုံးစား လုပ်ခြင်းကို တားမြစ်နိုင်ပြီး ကုန်အမှတ်တံဆိပ် သုံးစွဲခွင့်အား ပိုင်ရှင်မှ သီးသန့် အခွင့်အရေး ရရှိစေမည် ဖြစ်သည်။

ယနေ့ ကမ္ဘာတွင် ကုမ္ပဏီ အသင်းအဖွဲ့ သန်းပေါင်းများစွာ တို့က ကုန်အမှတ် တံဆိပ်ကို သုံးစွဲလျက် ရှိပြီးနေ့စဉ် နှင့်အမျှ အမှတ်တံဆိပ် ပေါင်းများစွာကို မှတ်ပုံတင်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...