Social Icons

Pages

Tuesday, November 17, 2015

ထိုင်းနိုင်ငံမှ တရားမ၀င်တင်သွင်း လာသည့်ဆန်များကို Mobile Team မှ တားဆီးစစ်ဆေး



ရန်ကုန် ၊ ၁၇-၁၁-၂၀၁၅

ယခုအခါ မိုးစပါးအသစ်များ ထွက်ရှိလာမှုနှင့် အတူ ပြည်တွင်းဈေးကွက် အတွင်းသို့ အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဝင်ရောက်သည့် ဆန်များ စီးဝင်မှု မရှိစေရန် တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ရွေ့လျား စစ်ဆေးရေးအဖွဲ့ (Mobile Team) များက စစ်ဆေးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ပြီးခဲ့သည့် လများအတွင်းက ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းသည့် ဆန်များမှာ ထိုင်းနိုင်ငံနယ်စပ်မှ တစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်မှု ရှိခဲ့ပြီး သဘာဝ ဘေးအန္တရာယ် ကြောင့် ပြည်တွင်း ဆန်ဖူလုံမှု အတွက် လိုအပ်သည့် အချိန်တွင် ဈေးနှုန်း သက်သာသည့် ထိုင်းဆန်များ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကာ တရားဝင် တင်သွင်းခွင့်ဖြင့် ခွင့်ပြုခြင်းမျိုး မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ထိုင်းဆန်များ တရားမဝင် တင်သွင်းရာ၌ ဆန်အိတ် အမှတ်တံဆိပ် နှင့် အမှတ်အသား မပါရှိသည့် ပီနံအိတ် များကို လဲလှယ်ထုပ်ပိုး သယ်ယူနေပြီး နယ်စပ်၏ မြို့များကို ဖြတ်ကျော်၍ ပြည်တွင်း လမ်းကြောင်း များသို့ ဝင်ရောက်မှု မရှိစေရန် စစ်ဆေး ဆောင်ရွက်လျက် ရှိကာ တရားမဝင် ဆန်များကို သိမ်းဆည်း နေကြောင်း သိရသည်။

ထို့ပြင် မယ်ဆိုင်၊ တာချီလိတ် လမ်းကြောင်း အပြင် မြဝတီ၊ ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းများမှ တစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်မှုများ ရှိနေ၍ ဆန်တစ်အိတ် ချင်းစီ ပိုက်ထိုး စစ်ဆေးရန် ညွှန်ကြားချက် ထုတ်ထားကြောင်း သိရသည်။

အောက်တိုဘာလ အတွင်းကလည်း ညောင်ခါးရှည် အခြေစိုက် ရွေ့လျား စစ်ဆေးရေး အဖွဲ့များမှ ထိုင်းဆန်ဟု ယူဆရသည့် ဆန်အိတ်များ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းဆန်များ အဖြစ် အတည်ပြုနိုင်ရန် မြန်မာနိုင်ငံ ဆန်စပါး
အသင်းချုပ်နှင့် ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန၏ သီးနှံ ဓာတ်ခွဲခန်း များသို့ ဆန်နမူနာများ ပေးပို့စစ်ဆေး ခဲ့ကြောင်း သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...