ကလေး လေနာရောဂါ
ကြည်မြင့်လွင် (မုဒြာ)
ကလေးသူငယ် တို့တွင် အဖြစ်များသော ရောဂါမှာ လေနာရောဂါ ဖြစ်သည်။ ကလေးများ လေနာရောဂါ ဖြစ်လျှင် လူကြီးများပါ ညမအိပ်ရ ဒုက္ခရောက် ရသည်။ လေနာရောဂါ ဖြစ်သော အချိန်မှာ ညနေစောင်း နေဝင်ချိန်နှင့် ညဥ့်ဦးပိုင်းတွင် ပို၍ဖြစ်လေ့ ရှိသည်။ ထိုအချိန်သည် ဆေးပညာ သဘောအရ လေချိန်နှင့် အပုပ်ချိန် ဖြစ်သည်။
ကလေးငယ် တို့တွင် ဖြစ်သော ရောဂါမှန်သမျှကို သူငယ်နာ အဖြစ်သာ သတ်မှတ်သည်။ သူငယ်နာသည် ကလေးအသက် ခုနစ်နှစ်ထိ ဖြစ်သည်။ ခုနစ်နှစ် ကျော်သွားလျှင် သူငယ်နာ ကုန်ပြီဟု မှတ်ယူလေ့ ရှိသည်။ ကလေးများ လေနာရောဂါ ဖြစ်ရခြင်းသည် မွေးကင်းစ အရွယ်တွင် မိခင် အစားအသောက် မဆင်ခြင်၍ ၊ လေစာစား၍ ဖြစ်ရသည်ဟု ယူဆသည်။ မိခင် စားသမျှ အာဟာရသည် နို့မှတစ်ဆင့် ကလေး ထံသို့ ရောက်သည်။
မိခင်နို့ထွက် အားနည်းသော အခါတွင်လည်း ကလေးလေနာဖြစ်နိုင်သည်။ နို့မထွက်၊ နို့ရည်မလိုက် သောအခါ ကလေး စုပ်ယူသည့် လေများသည် ဝမ်းဗိုက်အတွင်း ရောက်ကာ အစာအိမ် လေပွပြီး ဗိုက်နာတတ်သည်။
နို့တိုက်ပြီးတိုင်း ကလေးကို ပခုံးပေါ်တွင် မှောက်ပြီး ချီပေးလျှင် လေပြန်အန် သွားတတ်သည်။ ဤသို့ ပြုလုပ်ပေး သည်ကို လေထုတ်ပေး သည်ဟု ခေါ်သည်။ ကလေးလေနာ သက်သာ စေသည့်နည်း ဖြစ်သည်။
ကလေးအသက် ၂ နှစ်ကျော်၍ နို့ဖြတ်ပြီးနောက် အစာစားသည့် အခါ ပို၍ပင် သတိထားရသည်။ အေးစက်သော အစာ၊ ပူစပ်၊ ချဉ်သော အစားအစာ များကို ရှောင်ပြီး ကျွေးသင့်သည်။ များများ ကျွေးခြင်းကို ရှောင်ပြီး နည်းနည်းနှင့် အကြိမ်များများ ကျွေးခြင်းက ပို၍ ကျန်းမာကာ လေနာရောဂါ ဘေးမှ ကင်းဝေး စေသည်။ ရှေးက မြန်မာ့ဓလေ့မှာ မိခင်က ထမင်းကို ဝါးပြီးခွံပေး သည်။ ''ဝါးဖတ်တော် ကစီနှစ်ဖြင့် လူဖြစ်အောင်မွေး... လုပ်ကျွေးခဲ့သည် '' ဟု မိဘကျေးဇူးကို ဖော်ကျူးခဲ့သည်။ မိခင်ဝါပြီး ကျွေးသဖြင့် ရင်သွေးတွင် မည်သည့် ရောဂါရသည် ဟု မှတ်တမ်း မရှိခဲ့ပါ။ အစာကြေ၍ လေနာရောဂါ ကင်းစေသည့် နည်းလမ်း ဖြစ်သည်။
အချို့က မိမိကိုယ်တိုင် ဝါးမကျွေး နိုင်သဖြင့် အိမ်အကူ အထိန်းတော် များဖြင့်ထားလျှင် ထမင်းကို ပိတ်ပါးစဖြင့် ညှစ်ချ၍ ကစီဖတ် ပြုလုပ်ပြီး ဇွန်းဖြင့် ခွံကျွေးစေသည်။ ဤနည်း ဖြင့်လည်း သူငယ်နာ လေရောဂါကို ကာကွယ် နိုင်သည်။ ကလေး သွားမပေါက် သေးသော အရွယ်တွင် ကစီဖတ် တိုက်၍ ကျွေးသော နည်းသည် အကောင်းဆုံး ဖြစ်သည်။
သူငယ်နာလေဆေးနည်း
၁။ ဇာတိပ္ဖိုလ်သီး တစ်ကျပ်သား
၂။ လေးညှင်းပွင့် နှစ်ကျပ်သား
၃။ ရှိန်းခို သုံးကျပ်သား
၎။ ကြောင်ပန်းရွက် လေးကျပ်သား
၅။ ကျပ်ခိုး ငါးကျပ်သား
၆။ စမုန်နက်(မီးသင်း) ခြောက်ကျပ်သား
(စုပေါင်းဆေးချိန် ၂၁ကျပ်သား)
ဆေးအမယ် အားလုံးကို ညက်အောင် ထောင်းပြီး ရေ သို့မဟုတ် ထမင်းရည်ဖြင့် ရော၍ ငရုတ်ကောင်းစေ့ ခန့်လုံးပြီး နေလှန်းထားပါ။ ကလေးငယ်၏ အသက်အရွယ်ကို ချင့်ချိန်၍ တစ်လုံးမှ သုံးလုံးထိ ကျွေးနိုင်သည်။ ရှေးက မြန်မာသူငယ်နာ ဗိန္ဒော ဆရာကြီးများ လက်သုံးဆေးနည်း ဖြစ်သည်။
ကလေးသူငယ်များ လေနာရောဂါ ဘေးမှ ကင်းဝေးစေရန် အတွက် နို့တိုက်မိခင် များသည် လေစာများကို သိပြီး ရှောင်ကြဉ်ရမည်။ ထမင်းအေး၊ ဟင်းအေး၊ လက်လုပ်ချဉ်များ၊ မျှစ်၊ မျှစ်ချဉ်၊ ကုလားပဲ၊ ခွေး တောက်ရွက်၊ တမာ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ကင်းပုံသီး၊ တညင်းသီး၊ ပဲလင်းမြွေသီး၊ သပွတ်သီး၊ နို့ချဉ်၊ ဒိန်ချဉ် စသောအစာများ ကို ကလေးအတွက် ရှောင်ကြဉ် ပေးရမည် ဖြစ်သည်။ အအေးပတ်ခြင်း၊ ရေချိုးပြီး ရင်ရှားဖြင့် ကလေးနို့ တိုက်ခြင်း တို့ကြောင့်လည်း သူငယ်နာ၊ လေနာ ဖြစ်နိုင်သည်ကို သတိပြုပါ။
ရတနာပုံနေ့စဉ် ၊ စာ(၅)
#Yadanarpondaily


No comments:
Post a Comment