Social Icons

Pages

Wednesday, October 14, 2015

မြန်မာ့လက်မှုပညာ ပုလင်းပန်းချီ တိမ်ကောပပျောက် သွားမည်ကို စိုးရိမ်နေရ



ရန်ကုန် ၊ ၁၄-၁၀-၂၀၁၅

ပုလင်းပန်းချီသည် ပန်းဆယ်မျိုးတွင် အပါအဝင် ဖြစ်သော ပန်းချီပညာနှင့် ကိုယ်ပိုင်စိတ်ကူး ပေါင်းစပ်ပြီး ဖန်ပုလင်း ထဲတွင် ရေးဆွဲရသော မြန်မာ့လက်မှု အနုပညာရပ် တစ်ခုဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ ပုလင်းပန်းချီ ရေးဆွဲသူ နှစ်ဦး၊ သုံးဦးခန့်သာ ရှိခြင်းကြောင့် တိမ်ကော ပပျောက် သွားမည်ကို စိုးရိမ် နေရကြောင်း သိရသည်။

''ပုလင်းပန်းချီကို သာမန် ပန်းချီဆွဲတဲ့ သူတွေ ရေးဆွဲလို့ မရဘဲ တကယ့် ဝါသနာကြီးတဲ့ သူတွေမှ ရေးဆွဲကြ တာပါ။ ရေးဆွဲဖို့ အဓိက ကတော့ စိတ်တည်ငြိမ်မှု ရှိရတယ်။ စုတ်တံကိုင်တဲ့ လက်ကလည်း ငြိမ်ရတယ်။ ပုလင်းဝ အပေါက်ထဲ ကနေ စုတ်တံသွင်း ရေးရတာကြောင့် လက် အချိန်အဆ ကလည်း အရေးကြီးတယ်။ ဒီပညာ ကိုလည်း ဘယ် အနုပညာ ကျောင်းကမှ ပညာရပ်တစ်ခု အနေနဲ့ သင်ကြား ပေးတာမရှိတော့ တိမ်ကောသွားမှာ စိုးရိမ် နေရပါတယ်။ ပုလင်းပန်းချီ လက်ရာကို နိုင်ငံခြားသား တော်တော် များများက ကြိုက်နှစ်သက် ကြတယ်။ ဈေးကလည်း လက်ရာကောင်းရင် ကောင်းသလို မြင့်သွားတာပါ။ ဒါကြောင့် မျိုးဆက် ပြတ်မသွား အောင်တော့ ဝါသနာပါတဲ့ သားသမီးတွေကို သင်ကြားမှုတွေ ပြုလုပ်ပေး နေပါတယ်'' ဟု အမရပူရ မြို့နယ်မှ ပုလင်းပန်းချီ ဆရာကြီး ဦးချစ်မြက ပြောသည်။

ပုလင်းပန်းချီ ရေးဆွဲရာတွင် ဆေးရုံသုံး ဂလူးကို့စ်ပုလင်း တစ်မျိုးဖြင့်သာ ရေးဆွဲမှု ပြုလုပ်ရပြီး တခြားပုလင်း များနှင့် ရေးဆွဲလျှင် အဆင်ပြေမှု မရှိကြောင်း သိရသည်။ ပုလင်းပန်းချီများ ရေးဆွဲရာတွင် မြန်မာနိုင်ငံ၏ ထင်ရှား ကျော်ကြားသည့် နေရာများ၊ ကျေးလက်ဒေသ ရှုခင်းများနှင့် ယဉ်ကျေးမှု ပုံစံများကိုသာ အဓိကရေးဆွဲ ကြကြောင်း သိရသည်။

ထို ရေးဆွဲထားသော လက်ရာများကို နိုင်ငံခြားသားများ အထူး နှစ်သက်ကြပြီး ဝယ်ယူမှုများ ပြုလုပ်ရာတွင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၁၈ဝ မှစ၍ လက်ရာပေါ် မူတည်ကာ ဈေးမြင့်တက် သွားကြောင်း သိရသည်။

အဆိုပါ ပုလင်းပန်းချီ ကို အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံ တို့မှ ခရီးသွား ဧည့်သည်များ အထူးနှစ်ခြိုက်စွာ ဝယ်ယူကြပြီး ယခင်နှစ် ပွင့်လင်းရာသီတွင် ပုလင်းပန်းချီ ပေါင်း ၇ဝ ခန့် ရောင်းချ ရကြောင်း သိရသည်။ မြန်မာ့ လက်မှုပညာ ပုလင်းပန်းချီ တိမ်ကောပပျောက် မည်ကို စိုးရိမ်ပြီး လက်ဆင့်ကမ်း အမွေများ ပေးရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...