Social Icons

Pages

Friday, September 4, 2015

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌ ပြောင်းလဲမည့် kg+12 ပညာသင်စနစ် အတွက်ဆရာ ဆရာမများအား သီးသန့်လေ့ကျင့်မှုများ ပြုလုပ်ပေးမည်



ရန်ကုန် ၊ ၄-၉-၂ဝ၁၅

၂ဝ၁၆ -၂ဝ၁၇ ပညာသင်နှစ်၌ ပြောင်းလဲမည့် kg+12 ပညာသင်စနစ် အတွက် ဆရာ၊ ဆရာမများအား သီးသန့် လေ့ကျင့်မှုများကို ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ်
ဦးအောင်သန်းဦး က ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ၌ သူငယ်တန်း ပညာရေးအား စတင် ပြောင်းလဲမည် ဖြစ်ပြီး အဆိုပါ ပြောင်းလဲမည့် ပညာရေးစနစ် တွင်အံဝင်ခွင်ကျ ဖြစ်စေရန် ဆရာ၊ ဆရာမ များကို သီးသန့် လေ့ကျင့်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အတွက် ဆရာ၊ ဆရာမဦးရေ ၈ဝဝဝဝ ခန့်အား သီးသန့် လေ့ကျင့်မှုများ အဖြစ် ဆရာ အတတ်သင် သင်တန်းကျောင်းမှ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ အခြေခံပညာ ကျောင်းပေါင်း ၄၅ဝဝဝ ခန့်ရှိပြီး အကယ်၍ သင်ရိုးညွှန်းတမ်း အသစ်အတွက် ဆရာ၊ ဆရာမများ လိုအပ်ပါက ထပ်မံခေါ်ယူ ဖြည့်ဆည်းမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြောင်းလဲ ပြင်ဆင်မည့် kg+12 ပညာသင်စနစ်၌ သူငယ်တန်း ပညာရေးတွင် ကလေးကိုင် စာအုပ်မထားရှိဘဲ ဆရာကိုင် စာအုပ်သာထားရှိ သင်ယူစေမည် ဖြစ်သည်။ သင်ယူမှု၌လည်း ကလေးများအား သင်ကြားရာတွင် အက္ခရာစဉ် နည်းဖြင့် သင်ကြားပေးမည် မဟုတ်ဘဲ ကလေးများ နားလည် စေနိုင်မည့် လေ့ကျင့်မှုများနှင့် သင်ထောက်ကူပြု ပစ္စည်းများကို အသုံးပြု၍ သင်ကြားပေး သွားမည် ဖြစ်သည်။

ယခုအခါ ကလေးများ စာသင်ကြားရန် သင်ထောက်ကူ ပစ္စည်းများလည်း ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ပညာရေးစနစ် ပုံစံပြောင်းလဲ ရာ၌လည်း ၂ဝ၁၆-၂ဝ၁၇ ပညာသင် စနစ်မှ စတင် တက်ရောက်မည့် ကျောင်းသား သစ်များသာ တစ်ဆင့်ပြီး တစ်ဆင့် တက်ရောက်မည့် ပညာရေးအား ပြောင်းလဲသင်ယူ သွားရမည် ဖြစ်ပြီး နဂို တက်ရောက်ဆဲ ကျောင်းသားများမှာ သင်ကြားမြဲ သင်ရိုးအတိုင်း သင်ယူ သွားရမည် ဖြစ်သည်။

kg+12 ပညာသင် စနစ်သည် ပညာသက် ရှည်သွားမည် ဖြစ်သော်လည်း အဆိုပါ ပညာရေးမှာ ပညာသင်ရုံ သက်သက် မဟုတ်ဘဲ အသက်မွေး ဝမ်းကျောင်း ပညာကို သင်ယူလိုသူ များမှလည်း အသက်မွေးမှု ပညာရပ်များကို ဆက်လက် သင်ကြားသွား စေမည် ဖြစ်ကြောင်း သိရသည်။ 

ကေကေ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...