Social Icons

Pages

Monday, August 3, 2015

ယခုလအတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်


နန္ဒာဝင်း

ဒေါက်တာ ဟာရင်နိုင်တီယမ်း
မိုးရာသီတွင် မိုးရွာသွန်းခြင်းမှာ မဆန်းလှ သော်လည်း ရွာသွန်းမြဲထက် စံချိန်တင် ရွာသွန်းခဲ့သည့် အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံ မှုများကို ပြည်သူများ ကြုံတွေ့ ခံစားနေကြ ရသည်။ ထို့ပြင် ဇူလိုင်၂၆ ရက် နံနက်ပိုင်းက ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ် ခဲ့ပြီး အားကောင်း လာကာ ညနေပိုင်းတွင် မုန်တိုင်းငယ် အဖြစ်သို့ လည်းကောင်း၊ ဇူလိုင် ၂၉ ရက်တွင် ပိုမို အားကောင်း သော မုန်တိုင်းငယ် အဖြစ်သို့ လည်းကောင်း၊ ထိုမှ တစ်ဆင့် ဇူလိုင် ၃ဝ ရက် မွန်းလွဲပိုင်းတွင် အား အလွန်ကောင်း လာကာ ဆိုင်ကလုန်း မုန်တိုင်း ကိုမန် အဖြစ်သို့ ရောက်ရှိ ခဲ့သည်။

ထိုမုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့တွင် ရေဝင်နစ်မြုပ် မှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ ရသည်။ ထိုကဲ့သို့ ဖျက်အား ပြင်းလှသည့် သဘာဝဘေးများကို ပြည်သူများ သိရှိရန် ထူးခြားသည့် မိုးလေဝသ အခြေအနေ များနှင့် ပတ်သက်၍ ကြိုတင် သတိပေးချက် များကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ကလည်း အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန် ပေးလျက် ရှိသည်။

ထို့ကြောင့် ယခုလ အတွက် မိုးလေဝသ အခြေအနေ များကို ပို့ဆောင်ရေး ဝန်ကြီးဌာန မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၊ သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီအဖွဲ့ဝင် ဒေါက်တာ ဟာရင်နိုင်တီယမ်း အား ယခုကဲ့သို့ တွေ့ဆုံမေးမြန်း ခဲ့သည်။

မေး ။ အခု ပြီးခဲ့တဲ့ နှစ်လအတွင်း မိုးဆက်တိုက် ရွာခဲ့တာကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ ရေကြီးမှုတွေ ဖြစ်ပေါ် ခဲ့ရပါတယ်။ အခုလမှာ ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေ၀သ အခြေအနေတွေ ကိုလည်း ကြိုတင် ခန့်မှန်း ပေးစေလိုပါတယ်။

ဖြေ ။ သြဂုတ်လ အတွင်းမှာလည်း ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင် ပါတယ်။ တစ်ကြိမ်မှာတော့ ပိုမိုအားကောင်း လာပြီး မုန်တိုင်းငယ် အဖြစ် ရောက်ရှိနိုင် ပါတယ်။ ဒါ့အပြင် မုတ်သုံလေ ကလည်း အားအသင့်အတင့် ကနေ အားကောင်းမှု ဖြစ်နိုင်တာကြောင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ် တို့မှာ ရွာသွန်းမြဲထက် ပိုမယ်လို့ ခန့်မှန်းထား ပါတယ်။ ကျန် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ ရွာသွန်းမြဲ လောက်တော့ ရွာမယ်လို့ ခန့်မှန်းထား ပါတယ်။

မေး ။ မြစ်ရေကြီးနိုင်မှု ရှိတယ်ဆိုရင်လည်း ပြောပြပေးပါဦးရှင့်။

ဖြေ ။ မြစ်ရေကြီးမှု အနေနဲ့က ချင်းတွင်းမြစ် တစ်လျှောက်နဲ့ ဧရာဝတီမြစ်မှာ အလယ်ပိုင်းနဲ့ အောက်ပိုင်း၊ ဒုဋ္ဌဝတီမြစ် အောက်ပိုင်း၊ ပဲခူးမြစ်၊ ငဝန်မြစ်တို့မှာ စိုးရိမ်ရေမှတ် အထက် တစ်ကြိမ် ရေမြင့်တက် လာနိုင်ပြီး သံလွင်မြစ်ရေ ကတော့ နှစ်ကြိမ် မြင့်တက် လာနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

မေး။ ။ ဇူလိုင်လ အတွင်းက ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ တာဟာ ဘယ်လို မိုးလေ၀သ အခြေအနေတွေကြောင့် ဆိုတာကိုလည်း ရှင်းပြပေးပါ။

ဖြေ။ ။ ပြီးခဲ့တဲ့လမှာ ဆိုရင် တိုင်း ဒေသကြီးနဲ့ ပြည်နယ် တော်တော် များများမှာ မိုးကြီးတာတွေ ဖြစ်ခဲ့တယ်။ မိုးကြီးတဲ့ အတွက် ရေကြီး ရေလျှံတာ တွေလည်း ဖြစ်ခဲ့ရတယ်။ ဒါ့အပြင် ဇူလိုင် ၂၆ ရက်က ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပိုင်းမှာ မုန်တိုင်းငယ် ဖြစ်ပေါ်ခဲ့ ပါတယ်။ အဲဒီ မုန်တိုင်းဟာ အားကောင်း လာပြီး အပူပိုင်း မုန်တိုင်း ကိုမန် အဖြစ် ရခိုင် ကမ်းရိုးတန်း မြောက်ပိုင်း အနီးကနေ ဖြတ်သန်းသွား ပါတယ်။ ဒီမုန်တိုင်းဟာ ရွေ့လျားမှု နှေးကွေးပြီး ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းမှာ လေးရက်ကြာ ရစ်ခွေ နေတဲ့အတွက် မုန်တိုင်းဗဟိုရဲ့ ညာဘက်ခြမ်းမှာ ကျရောက် နေတဲ့ မြန်မာနိုင်ငံ အနောက်မြောက် ပိုင်းဟာ အကျိုးဆက် အဖြစ် လေကြီး မိုးကြီးကို အလွန် ခံစားခဲ့ရ ပါတယ်။ 

ဇူလိုင်လ မိုးလေဝသ ဖြစ်စဉ်ကတော့ ဇူလိုင်လလယ် လောက်မှာ မုတ်သုံလေ အားကောင်းရာ ကနေအား အလွန်ကောင်း လာတာ ဖြစ်တယ်။ အိန္ဒိယနိုင်ငံ ဘက်က သွယ်တန်းလာတဲ့ လေဖိအားနည်း မြောင်တန်းက မြန်မာပြည် အနောက် မြောက်ပိုင်း ကနေ အလယ်ပိုင်းကို တိုးဝင်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာမှာလည်း တိုင်ဖွန်း မုန်တိုင်းတွေ သုံးလုံးလောက်ဖြစ်တာ တွေ့ရပါတယ်။ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်းတွေကတော့ ဖြတ်သန်းတဲ့ လမ်းကြောင်းပေါ် မူတည်ပြီးတော့ မြန်မာပြည်မှာ ဖြစ်ပေါ်တဲ့ မိုးလေဝသအခြေအနေကို လာပြီးသက်ရောက်မှု ဖြစ်စေ ပါတယ်။

အထူးသဖြင့် ပစိဖိတ် သမုဒ္ဒရာမှာ ဖြစ်ပြီး တောင်တရုတ် ပင်လယ်ကို ရောက်လာတယ်။ ဗီယက်နမ် မြောက်ပိုင်း ကမ်းခြေတွေကို ဖြတ်လာတဲ့ မုန်တိုင်း အကြွင်းအကျန် တွေကတော့ မြန်မာနိုင်ငံကို အကျိုး သက်ရောက်စေ ပါတယ်။ ဒါပေမယ့် အခု ဖြစ်ပေါ်တဲ့ သုံးခုကတော့ ဗီယက်နမ် ကမ်းခြေကို မကျော်ဘူး။ တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ ဂျပန်နိုင်ငံ ဘက်ကို ပြန်ကွေ့ သွားတာ တွေ့ရပါတယ်။ တွေ့ကြုံရတဲ့ မိုးလေဝသ အခြေအနေ ကတော့ မုတ်သုံလေ အားကောင်း ရာကနေ အားအလွန် ကောင်းခြင်း၊ မုန်တိုင်း ဖြစ်ပေါ်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။

မေး ။ ဒီနှစ် မိုးရေချိန်က ပြီးခဲ့တဲ့နှစ် အလားတူလ မိုးရေချိန်ထက် စံချိန်ချိုးတယ်လို့လည်း သိရပါတယ်။ ဘယ်လောက် ကွာခြားသွားလဲ သိချင်ပါတယ်

ဖြေ ။ မနှစ်က ဇူလိုင်လမှာတော့ မြန်မာနိုင်ငံ အထက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး တွေမှာ ရွာသွန်းမြဲ အောက်သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ် ဇူလိုင်လ မှာတော့ စခန်းဖွင့်ခဲ့တဲ့ နှစ်ကာလ အလိုက် ပြန်ယှဉ်ကြည့်ရင် အများဆုံး ဖြစ်တဲ့အတွက် ဇူလိုင်လ ရွာသွန်းမြဲထက် ပိုပိုသာသာ ကျော်ခဲ့ပါတယ်။ ဒီလမှာ စခန်းရှစ် နေရာ၊ တိုင်းဒေသကြီး နဲ့ ပြည်နယ်လေးခုမှာ စံချိန်တင် မိုးရရှိခဲ့တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကန့်ဘလူမြို့မှာ ဇူလိုင် ၁၆ ရက်က နေ ၁၉ ရက်အထိ လေးရက်အတွင်း ရွာသွန်းခဲ့တဲ့ မိုးရေချိန် ၁၈ လက်မဟာ ဆိုရင် တစ်နှစ်လုံး မိုးရေချိန်ရဲ့ သုံးပုံတစ်ပုံ လောက် ရှိတာကို တွေ့ရပါတယ်။ ကိုမန် မုန်တိုင်းကြောင့် ဇူလိုင် ၂၅ ရက်ကနေ ဇူလိုင် ၃၁ ရက်အထိ ခုနစ်ရက် အတွင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ် တွေမှာ ရွာသွန်းတဲ့ မိုးရေချိန်ဟာ ဇူလိုင်လ တစ်လလုံး ရွာရမယ့် မိုးရေချိန်ထက် သာလွန်ပြီး ရွာသွားတာကို တွေ့ရပါတယ်။

မေး ။ အခုဒီလပိုင်းတွေ အတွင်း မိုးရွာတာ ဆက်တိုက်ကို ဖြစ်နေတော့ ဒါဟာ ရာသီဥတု ဖောက်ပြန်တယ် လို့ရော ပြောလို့ ရနိုင်ပါသလား။ ဘယ်လို အကြောင်းတွေကြောင့် ဒီလိုမျိုး ဖြစ်သွား ရတာလဲ .. ။

ဖြေ။ ။ မိုးကောင်း တာကတော့ မုတ်သုံလေအား ကောင်းတာကြောင့် နဲ့ အား အလွန်ကောင်း တာကြောင့် ဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်ပြင်နဲ့ ပစိဖိတ် သမုဒ္ဒရာဘက် မှာလည်း တိုင်ဖွန်းမုန်တိုင်း ဖြစ်ပေါ်တယ်။ အိန္ဒိယနဲ့ ဗီယက်နမ် ကုန်းမြေပေါ်မှာ လည်း လေဖိအားနည်း ရပ်ဝန်းတွေ ဖြစ်ပေါ် နေတယ်။ အဲဒီလို အခြေအနေ တွေကြောင့်လည်း မိုးကောင်း စေခဲ့တာ ဖြစ်ပါတယ်။ တကယ်တမ်း ဆိုရင် မုတ်သုံမိုးက မှန်မှန်ရွာ ရမှာပါ။ အခု ရွာတဲ့အခါ အချိန်တို အတွင်း မိုးရေချိန် လက်မများအောင် အင်အားပြင်းပြင်း နဲ့ရွာလို့ တကယ်ကို အန္တရာယ် ဖြစ်စေတာ ဖြစ်ပါတယ်။ လျှပ်တစ်ပြက် ရေကြီးမှုတွေ ဖြစ်ပေါ် စေနိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းတဲ့ ဒေသတွေမှာ တစ်လလုံး ရွာရမယ့် မိုးရေချိန်ကို လေးငါးရက် လောက်နဲ့ ရွာချလိုက်တော့ ရေကြီးရေလျှံမှု ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ ရာသီဥတု ပြောင်းလဲ မှုရဲ့အကျိုးဆက် ရာသီဥတု ဖောက်ပြန် မှုလို့လည်း ပြောလို့ ရပါတယ်။

မေး ။ ရာသီဥတု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူကို သတင်းအမှန် ပေးနိုင်ဖို့ မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အနေနဲ့ ဘယ်လို ဆောင်ရွက် ထားပါသလဲ။

ဖြေ။ ။ နိုင်ငံတော် အစိုးရရဲ့ ပံ့ပိုးမှု အပြင် နော်ဝေနိုင်ငံ အစိုးရ၊ ဂျပန်နိုင်ငံ အစိုးရတို့ ကလည်း ပံ့ပိုးပေး ပါတယ်။ နော်ဝေ မိုးလေဝသဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ (Asian Disaster Preparedress  Center- ADPC) အပြင် UNESCAP ကလည်း RIMES လို့ခေါ်တဲ့ Regional Integrated Multi- Hazard Early Warning System ဘန်ကောက် အခြေစိုက်အဖွဲ့နဲ့ ပူးပေါင်းပြီး တော့လည်း မိုးလေဝသ ခန့်မှန်းချက်တွေကို တိုးတက်အောင် နည်းပညာ ပံ့ပိုးမှုတွေ ပေးပါတယ်။ နော်ဝေမှာ သင်တန်းတွေလည်း ခေါ်ပြီး ပေးပါတယ်။ တစ်နှစ်မှာ လေးကြိမ် လောက် သင်တန်းပေး ပါတယ်။ သူတို့ ကိုယ်တိုင်လည်း တစ်နှစ်မှာ နှစ်ကြိမ်လောက် လာတယ်။ အချင်းချင်း ဆွေးနွေးတယ်။ ပညာတွေ ဖလှယ် ကြတယ်။ သူတို့ဆီက ခေတ်မီတဲ့ နည်းသစ်တွေ ကိုလည်း ပေးပါတယ်။ နေ့စဉ် မိုးလေဝသ ခန့်မှန်းချက် တွေကိုလည်း ထုတ်ပြန်ပေး ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်ထားတဲ့ မိုးလေဝသ စခန်းတွေက တိုင်းတာချက် တွေကိုလည်း ယူပါတယ်။ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ တို့က (GTS) က ပေးပို့တဲ့ ကမ္ဘာ အရပ်ရပ်က မိုးလေဝသ အချက်အလက် တွေကိုလည်း အသုံးပြု ပါတယ်။ နော်ဝေ အစိုးရ အထောက်အပံ့ နဲ့ရတဲ့ Diana Model ၊ WRF Model တို့ စတဲ့ စနစ်တွေကို ကျွန်မတို့ ကိုယ်တိုင် လည်းသုံးပြီး ထုတ်ပြန်ချက်ကို ထုတ်ပြန် ပေးပါတယ်။ မိုးကြီးမယ့် သတိပေးချက် တွေကိုလည်း ကြိုတင် ထုတ်ပြန်ပေး နိုင်ခဲ့ပါတယ်။

မေး ။ ပြည်သူကို ဘာများ ဖြည့်စွက် ပြောကြားချင်ပါ သလဲ။

ဖြေ။ ။ ဂျပန်နိုင်ငံ အစိုးရရဲ့ အထောက်အပံ့နဲ့ JICA က တစ်ဆင့် အမေရိကန် ဒေါ်လာသန်း ၄ဝ တန်ဖိုးရှိတဲ့ မိုးလေဝသ ရေဒါသုံးလုံးကို ပေးဖို့ ရှိပါတယ်။ ကျောက်ဖြူ မှာက တပ်ဆင်ပြီး သွားပါပြီ။ ရန်ကုန်နဲ့ မန္တလေးမြို့ တွေမှာ ဆက်လက် တပ်ဆင်မှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည် အနှံ့မှာ (Automatic Weather Observation System – AWOS) အလိုအလျောက် မိုးလေဝသ တိုင်းတာရေးစက် အလုံး ၃ဝ တပ်ဆင်မှာ ဖြစ်ပါတယ်။ အခုငါးလုံး တပ်ဆင်ပြီး သွားပါပြီ။ ၂ဝ၁၇ ခုနစ်အထိ ဆောင်ရွက် သွားမယ့် လုပ်ငန်း ဖြစ်ပါတယ်။ ဒါတွေကိုအသုံး ပြုဖို့ ဂျပန်ကလည်း သင်တန်းတွေ ပေးမှာ ဖြစ်ပါတယ်။ အခုလို အသုံးပြု ခြင်း အားဖြင့် ပိုပြီးတိကျ မှန်ကန်တဲ့ မိုးလေဝသ သတင်းတွေ၊ ကြိုတင် သတိပေးချက်တွေ ထုတ်ပြန် ပေးနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူ တွေကလည်း ထုတ်ပြန်ပေးတဲ့ မိုးလေဝသ သတင်းနဲ့ ကြိုတင် သတိပေးချက် တွေကို ဂရုတစိုက် နားထောင်ပေးပြီး ကြိုတင်  ပြင်ဆင်ခြင်း အားဖြင့် ပြည်သူ တွေအားလုံး သဘာဝ ဘေးအန္တရာယ် က ကင်းဝေးနိုင်ဖို့ ကျွန်မတို့က ဆန္ဒပြုပါတယ်။

မြစ်ရေကြီးမည့် အခြေအနေ များနှင့် ပတ်သက်၍ ဧရာဝတီ မြစ်ရေသည် ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ နှင့် ဇလွန်မြို့တို့တွင် နောက်သုံးရက် အတွင်း (၁ ပေခန့်) ဆက်လက် တက်လာနိုင်ပြီး အဆိုပါမြို့ များ၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း နှင့် အလားတူ ချင်းတွင်းမြစ်ရေ သည်လည်း မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့ တို့တွင် နောက် တစ်ရက်မှ သုံးရက် အတွင်း (၁ ပေခန့်) ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့ များ၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိ နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ယမန်နေ့ တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်တောင်းမြစ်ရေ သည် မဒေါက်မြို့တွင် နောက်သုံးရက် အတွင်း (၁ ပေခန့်) ကျဆင်း လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိ နိုင်ကြောင်းနှင့် ရွှေကျင်မြစ်ရေ သည် နောက်နှစ်ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက် ပြန်လည်ကျဆင်း နိုင်ကြောင်း ထုတ်ပြန် ထားသလို သံလွင်မြစ် ရေသည် ဘားအံမြို့တွင် နောက်သုံး ရက်အတွင်း (၁ ပေခွဲခန့်) ကျဆင်း လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင် ကြောင်း နှင့် ငဝန် မြစ်ရေသည် ငါးသိုင်းချောင်း မြို့တွင် နောက်သုံးရက် အတွင်း (ပေဝက်ခန့်) ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနိုင်ကြောင်း ထုတ်ပြန် ထားသည်။

ကြေးမုံ ၊ စာ(၃၂)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...