Social Icons

Pages

Tuesday, August 25, 2015

အင်းလေးကန်အတွင်း နုန်းတင်မှုများကာ ရေနေနည်း၍ ငါးမျိုးစိတ် ၁၄ မျိုးမှာ မျိုးသုန်းမည့် အခြေအနေကို ရင်ဆိုင်နေရာ



ညောင်ရွှေ ၊ ၂၅-၈-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့ ရှိ ကမ္ဘာလှည့် ခရီးသွားမည် သွားရောက် လည်ပတ်လေ့ ရှိသည့် အင်းလေးကန် သည် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု များကြောင့် နုန်းတင်မှု များလာပြီး ကန်အတွင်း ရေနေမှု နည်းပါးလာကာ အင်းအတွင်းရှိ ငါးမျိုးစိတ် ၃၀ ကျော်တွင် ငါးမျိုးစိတ် ၁၄ မျိုးသည် မျိုးသုန်းမည့် အခြေအနေကို ရင်ဆိုင် နေရကြောင်း မန္တလေး ပုသိမ်ကြီး မြို့နယ် သရက်ကုန်း ငါးသားဖောက် စခန်းမှ ဒေါက်တာ မျိုးမင်းလှိုင် က ပြောပြ၍ သိရသည်။

ယခုအချိန် တွင် မိုးရွာသွန်းမှု ကြောင့် အင်းလေးကန် အတွင်း ရေပြည့်လျက် ရှိသော်လည်း အင်းလေးကန်၏ ကန်ပေါင်ရိုး သဖွယ် ရှိနေသည့် အရှေ့ဘက်၊ အနောက်ဘက် တို့မှ တောင်တန်းကြီး များ၌ သစ်တောများ ပြုန်းတီး လာမှုကြောင့် မိုးများချိန် ဝင်ရောက်သည့် ရေများတွင် နုန်း အနည်အနှစ် များ ပါဝင်မှု များ၍ ရေတင်ကျန်မှု နည်းကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ်က ရေအနည်းဆုံး လတွင် အင်းလေးကန် ပျမ်းမျှအနက် ခြောက်ပေ ရှိသော်လည်း ယခုနှစ် ရေနည်း ချိန်တွင် အင်းလေးကန် ရေအနက် လေးပေခန့်သာ ရှိခဲ့၍ ရေတင်ကျန်မှု နည်းပါး လာမှုကို သိနိုင်ကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

'' အင်းလေးကန်ရဲ့ ရေ အရည်အသွေး က အင်းတော်ကြီး ထက် နိမ့်ကျပါတယ်။ အင်းလေးကန်မှာ ငါးမျိုးစိတ် ၃ဝ ကျော် ရှိပါတယ်။ အဲဒီထဲက မျိုးစိတ် ၁၄ မျိုးက မျိုးသုဉ်းမယ့် အခြေအနေ ရှိနေပါတယ်။ အဲဒီမှာ တခြားနိုင်ငံ တွေမှာ မတွေ့ရတဲ့ ငါးမျိုးစိတ် ကိုးမျိုး ပါဝင်နေ ပါတယ်။ ငါးရှဥ့်သဖွဲ့၊ ငါးသူငယ် ကြယ်ပျောက်၊ ငါးဖိန်း စတဲ့ ငါးမျိုးတွေပါ။ နုန်းထုက မြင့်လာပြီး ရေနေ နည်းလာတော့ ရေ အရည်အသွေးက ကျဆင်းလာပြီး ရေနေ သတ္တဝါတွေပါ သေဆုံးလာ နိုင်လို့ မျိုးသုဉ်းမှုတွေ ဖြစ်လာ နိုင်ပါတယ်'' ဟု ဒေါက်တာ မျိုးမင်းလှိုင် က ပြောပြသည်။

အင်းလေးကန် သည် ရှေးယခင် ဗန်းပုံ၊ နမ့်ပန်၊ နောင်တော နှင့် ဟဲယာရွာမ တို့ကို စုပေါင်း၍ အင်းရွာလေးရွာ၊ ထိုမှ အင်းလေးရွာ၊ ထိုမှ အင်းလေးဟု ခေါ်ဝေါ်ခြင်း ဖြစ်ပြီး အင်းလေးကန်သည် အလျား ၁၄ မိုင်၊ အနံ ငါးမိုင် ရှိသည်။ ယခု အခါ နုန်းတင်ကျန်မှု များကြောင့် ကန် အကျယ်ဝန်းသည် တဖြည်းဖြည်း လျော့နည်း လာကြောင်း၊ အင်းလေးကန် ၏ ပျမ်းမျှ ရေအနက်သည် ယခင်က ခုနစ်ပေ ရှိပြီး ရေအများဆုံး အချိန်တွင် ၁၂ ပေခန့်ရှိ ကြောင်း၊ ယခုအခါ ထို အခြေအနေ မျိုးမှ လျော့ကျ လာကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာသူ များ၏ တွေ့ရှိချက် များအရ သိရသည်။

အင်းလေးကန် အတွင်း နုန်းတင်မှုမှာ အဆမတန် များပြားလာ၍ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှင့် အင်းလေးကန် အခြေအနေ ဆိုးရွား လာကြောင်း UN-HABITAT အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ (၁၄၆)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...