Social Icons

Pages

Sunday, August 30, 2015

လ၀ါခေါင် ၏ အေးချမ်းမှုနှင့်အတူ


လ၀ါခေါင် ၏ အေးချမ်းမှုနှင့်အတူ

ယနေ့သည် ဝါခေါင်လပြည့်နေ့ ဖြစ်သည်။ ဝါခေါင်လသည် မိုးလှိုင်လှိုင် ရွာသွန်းသည့် အတွက် မြစ်ရေ၊ ချောင်းရေတိုးကာ ရေလျှံတတ်သည့် ကာလ ဖြစ်သည်။ ဝါခေါင် ဟူသည့် ဝေါဟာရတွင် ဝါသည် ရဟန်းတော်များ ဝါဆို၊ ဝါကပ်ခြင်းကို ရည်ညွှန်း၍ ခေါင်သည် ဝါတွင်း သုံးလ၏ အလယ်ဟု ရည်ညွှန်းသည်။ ပုဂံခေတ်ထိုး ကျောက်စာ များတွင် ဝါခေါင်လကို နံကာလဟု သုံးစွဲ သည်။ နံကာလ၏ အဓိပ္ပာယ် မှာ လယ်လုပ်ချိန် လဟူ၍ ဖြစ်သည်။

ဝါခေါင်လသည် တောင်သူ လယ်သမားများ လယ်ယာ လုပ်ငန်းခွင် ဝင်သည့်လ ဖြစ်၍ နိုင်ငံ၏ ဝမ်းစာအတွက် အရေးပါသည့် လလည်း ဖြစ်သည်။ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင် ဟူသော ဆိုရိုး စကားနှင့် အညီ ဝါခေါင်လ အတွင်း မိုးဖြိုင်ဖြိုရွာ၍ တောင်သူ လယ်သမားတို့ အင်တိုက်၊ အားတိုက် စိုက်ပျိုး နေကြပြီ ဖြစ်သည်။ ထိုသို့ တောင်သူ လယ်သမားများ အင်တိုက်၊ အားတိုက် စိုက်ပျိုးနေချိန် တွင် လိုအပ်သည် သွင်းအားစု များကို အချိန်မီ ဖြည့်ဆည်း ပေးနိုင်ရေး အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ စိုက်ပျိုးရေး လုပ်ငန်း၊ စက်မှုလယ်ယာ အစရှိသည့် ဌာနဆိုင်ရာ များကလည်း အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးကူညီ ပေးလျက် ရှိနေသည်။

ဝါခေါင်လသည် မြန်မာနိုင်ငံ၏ အဓိက လုပ်ငန်းဖြစ်သည့် စိုက်ပျိုးရေး လုပ်ငန်းအတွက် အရေးပါသည့်လ ဖြစ်သကဲ့သို့ ဘာသာရေး အရလည်း ထူးခြားသည့်လ ဖြစ်သည်။ ဘာသာရေး နှင့်ပတ်သက်၍ ထူးခြားသည်မှာ  မြတ်စွာ ဘုရားရှင် လက်ထက်တော် က ရဟန်းငါးရာ တို့သည် ပရိယတ္တိ၊ ပဋိပတ္တိ တရားတော်တို့ အားထုတ်ရန် ဟိမဝန္တာတော သို့ ဝင်ကြ လေသည်။ ထိုသို့ တရားအားထုတ် ကြရာတွင် မိစ္ဆာဒိဋ္ဌိ ပြိတ္တာတို့သည် ခြောက်လှန့် နှောင့်ယှက် မှုကြောင့် တရား အားထုတ်၍ မရဘဲ ရှိနေကြသည်။ ထို့ကြောင့် ရဟန်းတော်တို့သည် သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်သို့ သွားရောက်၍ မြတ်စွာ ဘုရားရှင်ထံ အကြောင်းစုံ လျှောက်ထားကြ လေသည်။

ထိုအခါ မြတ်စွာ ဘုရားရှင်က မိစ္ဆာဒိဋ္ဌိ ပြိတ္တာတို့၏ ခြောက်လှန့် နှောင့်ယှက်ခြင်းမှ ကင်းစေရန် မေတ္တသုတ် တရားတော်ကို သင်ကြားပေး၍ ဟိမဝန္တာ တောသို့ ပြန်လေသည်။ ရဟန်းငါးရာတို့ သည် တောသို့ မဝင်မီကပင် မေတ္တသုတ်ကို ရွတ်၍ ဝင်ကြသည်။ ထိုအခါ တောစောင့်နတ် တို့က ခရီးဦးကြို ပြု၍ ဝေယျာဝစ္စ ပြုလုပ် ခစားလာကြ သည်။ ထိုအခါတွင်မှ ရဟန်းများလည်း တရား ကျင်ကြံ အားထုတ်၍ တရားထူးများ ရကြ လေသည် ဤသည်မှာ  ဝါခေါင်လ၏ ထူးခြားမှုဖြစ်သည်။

သို့ဖြစ်ရာ ဝါခေါင်လ၏ ထူးခြားမှု ဖြစ်သည့် အေးချမ်းသာယာမှု နှင့်အတူ တောင်သူ လယ်သမား တို့အနေဖြင့် ရိက္ခာအတွက် အားကြိုးမာန်တက် ဆောင်ရွက် နေကြချိန်တွင် ပြည်သူအားလုံး ကလည်း သိက္ခာအတွက် မေတ္တာဖြင့် ယှဉ်သောစိတ်ဖြင့် မြင့်မြတ်သော၊ တိုးတက်သော လူမှုဘဝကို ထူထောင် နိုင်ရေး ကြိုးစားကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

ရတနာပုံနေ့စဉ် ၊ စာ(၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...