Social Icons

Pages

Wednesday, August 26, 2015

ငွေကြေးအခက်အခဲရှိသည့် နိုင်ငံတကာ ခရီးသွားများအတွက် အခမဲ့တည်းခိုခန်း နှင့် ဘန်ဂလိုများ စီစဉ်ထား


ရန်ကုန် ၊ ၂၆-၈-၂၀၁၅

တည်းခိုနေထိုင် ခန်းများ ငှားရမ်းရန် ငွေကြေး အခက်အခဲ ရှိသည့် နိုင်ငံတကာ ခရီးသွားများ အတွက် အခမဲ့ တည်းခိုခန်း များနှင့် ဘန်ဂလိုများ စီစဉ် ထားရှိကြောင်း ပြည်တွင်း ခရီးသွား လုပ်ငန်း သတင်းများ အရ သိရသည်။

အဆိုပါ အခမဲ့ တည်းခိုခန်း များနှင့် ဘန်ဂလို များကို ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် သက်တော်စောင့် အဖွဲ့က စီစဉ် ဆောက်လုပ် ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် နေကြသည့် နိုင်ငံတကာ ခရီးသွား ဧည့်သည်များ အတွက် တည်းခို နေထိုင်ရန် အခန်းခ များမှာ အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း မြင့်မားသဖြင့် နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှု လျော့နည်း သွားစေနိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ သို့ နိုင်ငံတကာ ခရီးသွားများ ပိုမိုတိုးတက် လာရောက် လည်ပတ် လာစေရန်၊ နိုင်ငံတကာ ခရီးသွား များအတွက် တည်းခို နေထိုင် စရိတ်များ လျော့နည်း သွားစေရန် နှင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် နေကြသည့် နိုင်ငံတကာ ခရီးသွားများ အနေဖြင့် အကြောင်း အမျိုးမျိုး ကြောင့် ငွေကြေး  အခက်အခဲများ ကြုံတွေ့ကာ တည်းခို နေထိုင်ရန် အခက်အခဲ မဖြစ်စေရန်၊ တည်းခိုရန် ငွေကြေး အခက်အခဲ ရှိသည့် နိုင်ငံတကာ ခရီးသွားများ အတွက် တည်းခို နေထိုင်မှု အဆင်ပြေ စေရန် အဆိုပါ အခမဲ့ တည်းခိုခန်းနှင့် ဘန်ဂလို များကို တည်ဆောက် ထားခြင်း ဖြစ်သည်။ 

လက်ရှိတွင် နိုင်ငံတကာ ခရီးသွားများ အခမဲ့ တည်းခိုနေထိုင် နိုင်မည့် အခမဲ့ တည်းခိုခန်းနှင့် ဘန်ဂလို စုစုပေါင်း ၇ဝ ကျော် ခန့်ဆောက် လုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

တည်းခို နေထိုင်ရန် ငွေကြေး အခက်အခဲ ရှိနေသည့် နိုင်ငံတကာ ခရီးသွားများ အတွက် အခမဲ့ တည်းခိုခန်း နှင့် ဘန်ဂလို များကို မောတောင်မြို့၊ ကော့သောင်းမြို့၊ မြိတ်မြို့၊ တာချီလိတ်လမ်း နမ့်စန်မြို့ နှင့် ရန်ကုန်- မန္တလေး အမြန်လမ်း ဘေးရှိ ၁၆၆ မိုင်၊ ၁၆၇ မိုင်၊ ၁၆၈ မိုင်၊ မိုင် ၁၈ဝ နှင့် ၁၈၁ မိုင်နှင့် ဆလုံကျွန်း ကမ်းခြေဒေသ တို့တွင် ဆောက်လုပ် ထားကြောင်း သိရသည်။

အဆိုပါ အခမဲ့ တည်းခိုခန်းနှင့် ဘန်ဂလို များတွင် အခမဲ့ တည်းခို နေထိုင်ရန် အတွက်ကိုသာ အကူအညီ ပေးထားခြင်း ဖြစ်ပြီး စားရေး သောက်ရေး အတွက်ကိုမူ နိုင်ငံတကာ ခရီးသွားများက မိမိတို့ အစီအစဉ်ဖြင့် ဆောင်ရွက်ကြ ရမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သက်တော်စောင့် အဖွဲ့ရုံးချုပ်ကို ရန်ကုန်- မန္တလေး အမြန်လမ်း ၁၆၇ မိုင်တွင် ဖွင့်လှစ်ထားပြီး ဆက်သွယ် လိုလျှင် ဖုန်း ဝ၉- ၇၉၉၁၈ ၇၂၃ဝ၊ ဝ၉-၇၉၄၄ ၇၃ဝ- ၅၁၊ ဝ၉- ၄၉၈၆ ၇၃၂၂ တို့သို့ ဆက်သွယ် အကူအညီ တောင်းနိုင်ကြောင်း သိရသည်။

ချမ်းချမ်း

ရတနာပုံနေ့စဉ် ၊ စာ(၂၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...