ရန်ကုန် ၊ ၁၇-၇-၂၀၁၅
ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မြို့နယ် အထွေထွေ ရောဂါကု ဆေးရုံကြီးသည် နေ့စဉ် နှင့်အမျှ ပြင်ပနှင့် အတွင်းလူနာ ဦးရေ ၁၅ဝဝ ကျော်အား ဆေးကုသ ပေးလျက် ရှိသည်။ အဆိုပါ ဆေးရုံဝင်း အတွင်းရှိ သီတာ ဆေးကုသဆောင် နှင့်ကပ်လျက် ခုတင် - ၄ဝဝ ဆံ့ နှလုံးနှင့် သွေးရောဂါ အထူးကု အဆင့်မြင့် ဆေးရုံသစ်ကြီး တစ်ခုကို တည်ဆောက်လျက် ရှိပြီး လာမည့် စက်တင်ဘာ လဆန်းပိုင်းတွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
မြောက်ဥက္ကလာပ အထွေထွေ ရောဂါကု ဆေးရုံကြီးသည် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ အပြင် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ် တို့မှ လူနာများ လာရောက် ပြသ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
ယခုအခါ တွင် အတွင်းလူနာ ၉ဝဝ ကျော်၊ ပြင်ပလူနာ ၆ဝဝ ကျော် ကုသပေးလျက် ရှိကြောင်း၊ ယခင်က ပြင်ပလူနာ ၅ဝဝ ၊ အတွင်းလူနာ ၇ဝဝ သာ နေ့စဉ် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ လူနာများအား ဆေးနှင့် ဆေးပစ္စည်း ဓာတ်မှန်တို့ကို အခမဲ့ ဆောင်ရွက် ပေးလျက်ရှိပြီး အတွင်းလူနာများ အတွက် အခြေခံ ဓာတ်မှန်ရှစ်မျိုး ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
''ယခုဆိုရင် တော်ဝင် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း က ငွေကျပ်သိန်း ၅ဝဝဝဝ အကုန်အကျ ခံကာ ဆောက်လုပ် လှူဒါန်းတဲ့ အဆင့်မြင့် ခုတင်- ၄ဝဝ ဆံ့ ငါးထပ် ဆေးရုံသစ်ကြီး အဖြစ် လာမယ့် စက်တင်ဘာ လဆန်းပိုင်းမှာ လူနာများ အတွက် အားထားဖွယ်ရာ ဖြစ်ပေါ် လာတော့မှာပါ။ နှလုံးရောဂါ နဲ့ ပတ်သက်ပြီး ယခင်က ဒီ မြောက်ဥက္ကလာပ ဆေးရုံကြီးမှာ မရှိတဲ့ နှလုံးသွေးကြော ချဲ့တဲ့ စက်ကိရိယာ တွေဟာ ဒီမှာ အဆောင်မရှိတဲ့ အတွက် ရန်ကုန် ဆေးရုံကြီးကို သွားရပါတယ်။ လူနာတွေ အတွက် အရမ်းကို အခက်အခဲ ရှိပါတယ်။ အခု ဒီဆေးရုံသစ်ကြီး မှာတော့ ဒီ စက်ကိရိယာ တွေထားရှိမှာ ဖြစ်တဲ့အတွက် စိတ်အေးချမ်း သာစွာ ကုသ နိုင်တော့မှာပါ၊ သွေးရောဂါနဲ့ ပတ်သက်ပြီးလည်း ကျယ်ပြန့်စွာ လုပ်နိုင်ပါပြီ၊ သွေးကင်ဆာ ရောဂါတွေ အတွက် သွေးအစား ထိုး ကုသမှုတွေကို လုပ်ဆောင် နိုင်တော့မှာ ဖြစ်တဲ့အတွက် ဒီ ဆေးရုံသစ်ကြီး ပေါ်ထွက် လာတော့မယ် ဆိုရင် လူနာတွေအတွက် လွယ်ကူ စွာ ကုသနိုင်မှာ ဖြစ်လို့ ဝမ်းသာစရာပဲ ဖြစ်ပါတယ် .. '' ဟု မြောက်ဥက္ကလာပ အထွေထွေ ရောဂါကု ဆေးရုံအုပ် ဒေါက်တာ ဒေါ်သန်းလှ က ပြောသည်။
အဆိုပါ အဆင့်မြင့် ဆေးရုံသစ် ကြီး၏ မြေညီထပ်တွင် အထူးပြင်ပ လူနာဌာန၊ အရေးပေါ် ကျောက်ကပ်နှင့် အစာအိမ် အူလမ်းကြောင်း၊ အရေးပေါ် ကုသရေးဌာန တို့ ထားရှိမည် ဖြစ်သည်။ ပထမထပ်တွင် နှလုံး ခွဲစိတ်ဆောင်နှင့် နှလုံးခွဲစိတ်ခန်း ထားရှိမည်။ ဒုတိယထပ်တွင် နှလုံး အထူးကြပ်မတ် ဆောင်နှင့် နှလုံးသွေးကြော ချဲ့အဆောင်၊ တတိယထပ်တွင် နှလုံးကုသ ဆောင်နှင့် ရင်ခေါင်း ကုသဆောင်၊ စတုတ္ထထပ်တွင် သွေးကင်ဆာ နှင့် ပတ်သက်သော သွေး အမျိုးမျိုး သွင်းခြင်း၊ ရိုးတွင်းခြင်ဆီ ဌာနနှင့် ဓာတ်ခွဲခန်းများ ထားရှိမည် ဖြစ်သည်။
ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ထို အဆောင်သစ် ကြီးတွင် နှလုံးအထူးကု အတွက် NGO Gram ၊ နှလုံးသွေးကြော ဓာတ်မှန်ရိုက်ခြင်း အတွက် စက်ကိရိယာ များ ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မျိုး (ဧရာဝတီ)
#Themyawadydaily


No comments:
Post a Comment