Social Icons

Pages

Thursday, July 23, 2015

ယဉ်ကျေးမှု အမွေအနှစ်ဒေသ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန်အဖြစ် သတ်မှတ်ထိန်းသိမ်း စောင့်ရှောက်သွားမည့် ဗဟန်းမြို့နယ်ရှိ ကမ္ဘောဇရိပ်သာ (ချင်းချောင်းနန်းတော်)



ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာဇုန် (Ancient Monumental Zone) အဖြစ် သတ်မှတ်၍ ထိန်းသိမ်း စောင့်ရှောက်မှု ဆောင်ရွက် ထားသည့် ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်) အဆောက်အအုံမှာ အမှတ် (၁၃၁) ကမ္ဘာအေး ဘုရားလမ်း ဗဟန်းမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး၌ တည်ရှိသည်။

ချင်းချောင်း နန်းတော် သည် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာ ဦးစီးဌာန အနုပညာ အထက်တန်းကျောင်း (ပန်တျာ၊ ပန်းချီ၊ ပန်းပုကျောင်း) ဖွင့်လှစ်ထားသည်။ ယင်း အဆောက်အအုံ သည် လွန်ခဲ့သော နှစ်ပေါင်း တစ်ရာခန့် က ဆောက်လုပ် ခဲ့သည့် အဆောက်အအုံ တစ်ခု ဖြစ်သည်။ ကမ္ဘောဇ ရိပ်သာ (ချင်းချောင်း နန်းတော်) ကို တရုတ်နိုင်ငံသား ရော်ဘာ လုပ်ငန်းရှင် လင်ကျင်းဆောင် (Lim Chin Tsong) က ၁၉၁၅ ခုနှစ်တွင် စတင်ဆောက်လုပ် ခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ကာ အမြင့်ပေ ၁၂ဝ ရှိ ငါးထပ် အဆောက်အအုံ ဖြစ်သည်။

အဆိုပါ ချင်းချောင်း နန်းတော် ကို ကိုလိုနီခေတ် က အနီရောင် အုတ်များ၊ အစိမ်းရောင် အုတ်ကြွပ်အမိုး များဖြင့် အရှေ့တိုင်းဟန် နှင့် အနောက်တိုင်း ဗိသုကာ လက်ရာများ ပေါင်းစပ် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး ချင်းချောင်း နန်းတော်ကို ရူပီးငွေ ၂ သန်းကျော် အကုန်အကျခံ ဆောက်လုပ် ခဲ့ခြင်းဖြစ်သည်။ ယင်း နန်းတော်တွင် အထပ် ငါးထပ်ပါရှိပြီး ဘုံနန်း အဆင့်ဆင့်ဖြင့် ခမ်းနား ထည်ဝါစွာ တည်ဆောက် ထားသည်။ ချင်းချောင်း နန်းတော်၏ အတွင်းဘက်တွင် နာမည်ကြီး အင်္ဂလိပ် ပန်းချီ ပညာရှင် များ၏လက်ရာ နံရံပန်းချီ များနှင့် ခြယ်မှုန်း ထားသည်။

ဂျပန်ခေတ်တွင် ချင်းချောင်း နန်းတော်မှာ ရန်ကုန်မြို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသံလွှင့်ဌာန (All Burma Broadcasting Station) ကို ဖွင့်လှစ် ခဲ့ပြီးနောက် စစ်ပြီးခေတ်တွင် ဟိုတယ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကာ ၁၉၅၁ ခုနှစ်တွင် ကမ္ဘောဇ ရိပ်သာ ဟု ပြောင်းလဲခေါ်ဝေါ် ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂ (က)အရ ယဉ်ကျေးမှု အမွေအနှစ် အဖြစ် ကိုက်ညီမှု ရှိသဖြင့် ကမ္ဘောဇ ရိပ်သာ (ချင်းချောင်း နန်းတော်) အဆောက်အအုံ သည် ကိုလိုနီခေတ်၏ ရှားပါးသော လက်ရာတစ်ခု ဖြစ်သည့်အတွက် ယဉ်ကျေးမှု အမွေအနှစ် ဒေသ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်အဖြစ် သတ်မှတ်၍ ထိန်းသိမ်း စောင့်ရှောက် ခွင့်ပြုရန် တင်ပြခဲ့ရာ နိုင်ငံတော်မှ ပုဂ္ဂလိက သို့ ငှားရမ်းခြင်း မပြုဘဲ ဌာနမှသာ ဆက်လက် ထိန်းသိမ်းရန် လမ်းညွှန် ခဲ့သည်။

ယင်းနောက် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃ဝ (ခ)အရ ယဉ်ကျေးမှု ဝန်ကြီးဌာန သည် ကမ္ဘောဇ ရိပ်သာ (ချင်းချောင်း နန်းတော်) ကို ယခုနှစ် ဇူလိုင် ၇ ရက် ရက်စွဲပါ အမိန့်အမှတ် (၁/၂ဝ၁၅) ဖြင့် ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ကမ္ဘောဇရိပ်သာ (ချင်းချောင်း နန်းတော်) အဆောက်အအုံ ကို ယဉ်ကျေးမှု အမွေအနှစ် ဒေသ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန် (Ancient Monumental Zone) အဖြစ် ဥပဒေနှင့် နည်းဥပဒေပါ ပြဋ္ဌာန်းချက်၊ လုပ်ထုံး လုပ်နည်းများ နှင့်အညီ သတ်မှတ် နိုင်ရေးအတွက် နိုင်ငံတော် အစိုးရအဖွဲ့ အစည်းအဝေး သို့ ဆက်လက် တင်ပြပြီး အတည်ပြု ခွင့်ပြုချက် ရယူကာ ထိန်းသိမ်း စောင့်ရှောက် မှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သိရသည်။

ဇာညီသစ္စာ

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...