Social Icons

Pages

Wednesday, July 22, 2015

လာမည့်ငါးနှစ်အတွင်း ပညာသင် ထောက်ပံ့ကြေး ပိုမိုပေးနိုင်ရန် နှင့် ကျောင်းတိုင်း မသန်စွမ်းကလေးငယ်များ ပိုမိုလက်ခံလာ နိုင်ရန် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းတွင် ထည့်သွင်းရေဆွဲ


ရန်ကုန် ၊ ၂၂-၇-၂၀၁၅

ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြား နိုင်ရန်၊ လာမည့် ငါးနှစ်အတွင်း ကျောင်းသား များအား ပညာသင် ထောက်ပံ့ကြေး ပိုမို ပေးနိုင်ရန်နှင့် ကျောင်းတိုင်း၌ မသန်စွမ်း ကလေးငယ်များ ပိုမိုလက်ခံ လာနိုင်ရန် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း တွင် ထည့်သွင်း ရေးဆွဲ ထားကြောင်း ဘက်စုံ လွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာ သုံးသပ်ရေး လုပ်ငန်း (CESR) အကြံပေး ဒေါက်တာ ဝင်းအောင် က ပြောသည်။

ယခုအချိန်တွင် နိုင်ငံတော်မှ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြား နိုင်ရန် ပံ့ပိုးမှုများပြုလုပ်နေပြီး ပိုမို ပံ့ပိုးနိုင်မည့် အစီအစဉ်များ အပြင် ကျောင်းနေရန် အခွင့်အလမ်း နည်းပါး နေသော မသန်စွမ်း ကလေးငယ်များ ကျောင်းနေခွင့် ပိုမိုများပြား နိုင်စေရန် အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်း (၂ဝ၁၆ - ၂ဝ၂၁) တွင် ထည့်သွင်း ရေးဆွဲ ထားကြောင်း သိရသည်။

''ကျောင်းသားတွေကို အခု ပညာသင် ထောက်ပံ့ကြေး ပေးတယ်။ ဒါပေမဲ့ ပညာသင် ထောက်ပံ့ကြေး ပေးတဲ့ လူဦးရေက နည်းနေသေးတယ်။ ဒါကြောင့် ကလေး အများကြီး မပေးနိုင် သေးဘူး။ ဒါပေမဲ့ နောက်ငါးနှစ် ကျရင် စတိုင်ပင်ကို ဒီထက် ပိုပေးဖို့ ထည့်သွင်း ရေးဆွဲ ထားပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ထို့အပြင် ကျောင်းနေရန် အခွင့်အလမ်း နည်းပါးနေသော မသန်စွမ်း ကလေးငယ်များ ကျောင်းနေခွင့် ပိုမိုရရှိ စေရေးနှင့် မသန်စွမ်း ကလေးငယ် များကို ပိုမိုလက်ခံ လာနိုင်စေရေး အတွက် ဆရာ၊ ဆရာမများအား သင်တန်းများ ပေးရန် ထည့်သွင်း ရေးဆွဲ ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသား ပညာရေး မဟာဗျူဟာ စီမံကိန်းတွင် အခြေခံ ပညာရေး အတွက် မဟာဗျူဟာ သုံးခု ရေးဆွဲထားပြီး ကလေးတိုင်း ကျောင်းနေခွင့် ရရှိစေရန် ပြုလုပ်ရေး၊ လူတိုင်း အကျုံးဝင် ပညာရေးနှင့် ကျောင်းများကို အရည်အသွေး တိုးတက်စေရန် ပြုလုပ်ရေး တို့ပါဝင်ကြောင်း သိရသည်။

နေနေ

မြ၀တီနေ့စဉ် ၊ စာမျက်နှာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...