Social Icons

Pages

Wednesday, July 8, 2015

ရုပ်သေးရုပ်များကို ဂျပန် ၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံများမှ ၀ယ်ယူမှုများရှိလာ



ရန်ကုန် ၊ ၈-၇-၂၀၁၅

ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှုမှာ တစ်လထက် တစ်လ မြင့်တက်လာပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာ အသုံးအဆောင် ပစ္စည်းများနှင့် ရိုးရာ အနုပညာ ပစ္စည်းများကို ပြည်ပနိုင်ငံ များမှ မှာယူမှုများ သိသိသာသာ မြင့်တက် လာကြောင်း သိရသည်။

ယခုအခါ မြန်မာ့ရိုးရာ အနုပညာပစ္စည်း တစ်မျိုးဖြစ်သည့် ရုပ်သေးရုပ် များကို ပြည်တွင်းသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များက ဝယ်ယူမှု များပြား လာသည့်အပြင် ပြည်ပနိုင်ငံ များမှ မှာယူမှု များလည်း မြင့်တက်လာပြီး ဂျပန်၊ အမေရိကန် နှင့် ပြင်သစ်နိုင်ငံ တို့မှ ရုပ်သေးရုပ် များကို မှာယူလျက် ရှိကြောင်း ဗိုလ်ချုပ်ဈေး အတွင်းရှိ Art ရိုးရာ အနုပညာ ပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ဦးရွှေသွေး က ပြောသည်။

ရုပ်သေးရုပ် များကို ဂျပန်နိုင်ငံမှ ယခင် ကတည်းက ဝယ်ယူမှုများ ရှိခဲ့သော်လည်း ယခုအခါ အမေရိကန်နှင့် ပြင်သစ် အစရှိသည့် အနောက်နိုင်ငံများ ကပါ မှာယူလာ ခြင်းကြောင့် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ် များကို ကမ္ဘာက ပိုမိုသိရှိ လာပြီဖြစ်သည်။ ထို့အပြင် ရုပ်သေးရုပ် ကသည့် ပညာရပ်ကို လည်း ပြည်ပ နိုင်ငံသားများမှ လာရောက် သင်ယူမှုများ ရှိနေသည်။

''ကျွန်တော်တို့ ကသာ ရုပ်သေးရုပ် အကကို ပျင်းစရာ ကောင်းတယ်ဆိုပြီး မကြည့်တာ။ နိုင်ငံခြားသား တွေက အရမ်း စိတ်ဝင်စားတယ်။ တချို့ဆိုရင် ဒီရုပ်သေးရုပ် လေးတွေ ကြိုးဆွဲ တာကို လွယ်တယ် ထင်နေကြတာ။ နိုင်ငံခြားသားတွေ ဆိုင်ကို လာဝယ်ရင် စမ်းပြီး ကကြည့်တယ်။ မတတ်တော့ ကြိုးတွေ ရှုပ်ကုန်တာပဲ။ အဲဒီတော့မှ အရမ်း သဘောကျပြီး ဝယ်ကြတာ။ ဒီနေ့ခေတ် လူငယ်တွေဆိုရင် ရုပ်သေး ရုပ်ဆိုတာကို အိမ်တွင်း အလှဆင် ပစ္စည်းလို့ပဲ သဘောထား ကြတာ။ ကိုယ့်လူမျိုးရဲ့ ရိုးရာ ယဉ်ကျေးမှုကို စိတ်ဝင်စားတာ အားနည်း လာတယ်။ ပြည်ပနိုင်ငံ တွေကတောင် ဒီလောက် စိတ်ဝင်စား နေတာ ကျွန်တော်တို့ ဆီက လူငယ်တွေ ဒါကိုသင်ယူ သင့်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယနေ့ခေတ် လူငယ်များ အကြားတွင်လည်း မွေးနေ့ လက်ဆောင်များ အဖြစ် သော်လည်းကောင်း၊ အမှတ်တရ လက်ဆောင်များ အဖြစ် သော်လည်းကောင်း ရုပ်သေးရုပ်များ ပေးခြင်းမှာ ခေတ်စားလာပြီး ရုပ်သေးရုပ်ကို အမျိုးအစားပါ် မူတည်၍ ငွေကျပ် တစ်သောင်း ကျော်မှ သိန်းချီ တန်ဖိုးရှိသည့် အရုပ်များ ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ ဆီက လူငယ်တွေ ဝယ်ရင် မင်းသား၊ မင်းသမီးတစ်စုံ ဝယ်တယ်။ တချို့ ယောက်ျားလေး တွေက ဘီလူးရုပ်တွေ၊ ဇော်ဂျီရုပ်တွေ ဝယ်တယ်။ မင်းသား၊ မင်းသမီးရုပ်ကို ဝယ်တာ ပိုများတယ်။ နိုင်ငံခြားသား တွေကတော့ ကြိုက်ရင် လေးငါးရုပ် ဝယ်ကြတာ'' ဟု ဦးရွှေသွေး က သုံးသပ် ပြောသည်။

ထက်နေ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...