Social Icons

Pages

Friday, July 24, 2015

မြောက်ဥက္ကလာပ ဆေးရုံကြီးတွင် ဆေးဝါး အမျိုးအစားပေါင်း ၄၀ ကို အခမဲ့ ပေးနိုင်ရန် ဆောင်ရွက်နေ


ရန်ကုန် ၊ ၂၄-၇-၂၀၁၅

မြောက်ဥက္ကလာပ ကုသရေးနှင့် သင်ကြားရေး ဆေးရုံကြီး၌ အများသုံး ဆေးဝါးများကို အခမဲ့ပေးခြင်း၊ အတွင်းလူနာ၊ အရေးပေါ် လူနာများကို အခမဲ့ ကုသပေးခြင်း နှင့် အခြေခံ ဓာတ်ခွဲ စမ်းသပ်မှု ရှစ်မျိုးတို့ကို အခမဲ့ ဆောင်ရွက် ပေးလျက်ရှိရာ ယခုအခါ ဆေး အမျိုးအစား ပေါင်း ၄ဝ အား အခမဲ့ ပေးနိုင်ရန် စီစဉ် ဆောင်ရွက် နေကြောင်း မြောက်ဥက္ကလာပ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ်ဦး က ပြောသည်။

''နိုင်ငံတော်က ပံ့ပိုးထားတဲ့ ဓာတ်ခွဲ စစ်ဆေးတဲ့ စက်တွေ ရောက်ပြီဆိုတော့ ဓာတ်ခွဲ စစ်ဆေးတာနဲ့ ပတ်သက်လို့ နိုင်ငံတော်ကို တင်ပြထားတယ်။ ကျလာရင် ဓာတ်ခွဲတဲ့ နေရာမှာ သုံးတဲ့ ဆေးတွေကို ဝယ်ပြီးပြီ ဆိုရင်နောက်ထပ် ဆေး အမျိုးပေါင်း ၄ဝ လောက် အခမဲ့ ဆောင်ရွက်ပေး ပါမယ်။ အခု လောလောဆယ် တော့ ဆေးဝါး တော်တော် များများကို အခမဲ့ ပေးပါတယ်။ ပြီးတော့ အခြေခံ ဓာတ်ခွဲ စမ်းသပ်မှု ရှစ်မျိုးကို အခမဲ့ ဆောင်ရွက် ပေးပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ယင်းအပြင် ဆေးရုံကြီး၏ နှစ်ထပ်ဆောင် အသစ်မှာ ပြီးစီးသွားပြီ ဖြစ်သဖြင့် Imagine Complex ဓာတ်မှန်ဌာန တစ်ခု ဖွင့်ထားကြောင်း၊ အဆိုပါ ဓာတ်မှန်ဌာနတွင် CT Scan (128 Slice) ရှိသည့် စက်ကြီး တပ်ဆင်ထားပြီး လက်ရှိတွင် အသုံးပြု နေကြောင်း သိရသည်။ ထို့အပြင် မြောက်ဥက္ကလာပ ဆေးရုံကြီးအား ခုတင် ၈ဝဝ မှ ခုတင် ၁၅ဝဝ အထိ တိုးမြှင့်ပြီး အဆောင်ဟောင်း များကို ဖြိုဖျက်၍ ငါးထပ်ဆောင်များ ဆောက်လုပ်ရန် ရည်မှန်း ထားကြောင်း၊ လာမည့်နှစ်တွင် OT Complex ခွဲခန်းကြီး ပါဝင်သည့် ငါးထပ်ဆောင်ကို ဆောက်လုပ်ရန် ဘတ်ဂျက် ချထားပြီး ဖြစ်ကြောင်း သိရသည်။

ဇာနည်မောင်

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...