Social Icons

Pages

Wednesday, July 8, 2015

မြန်မာနိုင်ငံ၏ ပထမဆုံး လူသားနှင့် ဇီဝအ၀န်းနယ်မြေ ဖြစ်သည့် အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေး


Inle Lake inscribed as Myanmar’s first UNESCO Biosphere Reserve

ညောင်ရွှေ ၊ ၈-၇-၂၀၁၅

  • The UN's cultural agency has named Inle Lake, with its diverse plants and animals and floating gardens, as Myanmar's first UNESCO Biosphere reserve to help safeguard natural ecosystems while promoting sustainable economic development.

ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် သဘာဝ ပတ်ဝန်းကျင် အစည်းအဝေးတွင် ကုလသမဂ္ဂ ယူနက်စကို အဖွဲ့က အင်းလေးကန်ကို မြန်မာနိုင်ငံ၏ ပထမဆုံး လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် ၂ဝ၁၅ ခုနှစ် ဇွန်လ ၉ ရက်က အတည်ပြု သတ်မှတ်ပေး ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော လူသားနှင့် ဇီဝအဝန်းနယ်မြေ ဖြစ်သည့် အင်းလေးကန် ကို ထိန်းသိမ်း ကာကွယ်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက အင်းလေး (ခေါင်တိုင်) ဟူပင်ဟိုတယ် ၌ ကျင်းပ ခဲ့သည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် အင်းလေးကန် ဆယ်ယူရေးနှင့် ထိန်းသိမ်းရေး ရေရှည် စီမံချက်၊ အင်းလေးကန် ထိန်းသိမ်း ကာကွယ်ရေး (၅)နှစ် စီမံကိန်း (၂ဝ၁၅-၂ဝ၁၆ မှ ၂ဝ၁၉-၂ဝ၂ဝ ထိ)၊ အင်းလေးကန် ကို ယူနက်စကို ၏ ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ် ထိန်းသိမ်းခြင်း နှင့် စပ်လျဉ်း၍ ရရှိလာမည့် အကျိုး ကျေးဇူးများနှင့် ရလဒ်များ၊ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များ၊ အင်းလေးကန် စီမံအုပ်ချုပ်မှု အဖွဲ့၏ လုပ်ငန်း တာဝန် ဝတ္တရား များကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အင်းလေးကန်သည် ဒေသရင်း ဇီဝမျိုးစုံ မျိုးကွဲများ ကြွယ်ဝခြင်း၊ ထူးခြားသည့် ဘာသာရေး ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ အမွေအနှစ် များကြောင့် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်စား လည်ပတ်ရာ ဒေသတစ်ခု ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ အင်းလေးကန် ဒေသကို ၁၉၈၅ ခုနှစ်မှစ၍ ဘေးမဲ့တော အဖြစ် ဖွဲ့စည်းစီမံ အုပ်ချုပ်ခဲ့ကြောင်း၊ ထူးခြားသည့် ဂုဏ်အင်္ဂါ များကြောင့် အာဆီယံ အမွေအနှစ် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရကြောင်း၊ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှု အနေဖြင့် အင်းလေးကန် ဒေသကို ယူနက်စကိုမှ လူသားနှင့် ဇီဝအဝန်းနယ်မြေ အဖြစ် အတည်ပြု သတ်မှတ် ခဲ့ကြောင်း၊ လူသားနှင့် ၄င်းတို့၏ လူမှုစီးပွား ဘဝကို အထောက်အကူ ပြုနေသည့် သဘာဝ ပတ်ဝန်းကျင် တို့အကြား အပြန်အလှန် သဟဇာတ မျှတစွာ ဆက်စပ် ရပ်တည်နိုင်ရေး ရည်ရွယ်ချက် ဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

လူသားနှင့် ဇီဝအဝန်း နယ်မြေ အစီအစဉ်ကို ယူနက်စကိုမှ ၁၉၇၁ ခုနှစ်တွင် စတင်ခဲ့ပြီး လူသားနှင့် သဘာဝ ပတ်ဝန်းကျင် တို့အကြား ဆက်သွယ်မှု ပိုမိုတိုးတက် လာစေရန် သိပ္ပံ သုတေသန လုပ်ငန်းများ၊ ပညာပေးရေး လုပ်ငန်းများ နှင့် သဘာဝ အရင်းအမြစ်များ စီမံခန့်ခွဲခြင်း ဆိုင်ရာ လုပ်ငန်းရပ် များကို အဆိုပါ အစီအစဉ်တွင် ဆောင်ရွက် ရမည့် လုပ်ငန်းများ အဖြစ် ထည့်သွင်း ထားရှိသည်။ အဖွဲ့ဝင် နိုင်ငံတိုင်းရှိ သဘာဝ နယ်မြေများ ၊ ဂေဟ စနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး နယ်မြေများ အနက် ကမ္ဘာလုံး ဆိုင်ရာ ထင်ရှား ထူးခြားပြီး ထိန်းသိမ်း ကာကွယ်နိုင်မည့် ဒေသများကို ဇီဝအဝန်းနယ်မြေ များဟု ခေါ်ဝေါ် သတ်မှတ်ကာ စံနှုန်း သတ်မှတ်ချက် များအဖြစ် သတ်မှတ်ချက် ခြောက်ချက်၊ ဖြည့်စွက် သတ်မှတ်ချက် တစ်ချက်တို့နှင့် ကိုက်ညီမှု အရ အဆိုပါ သတ်မှတ်မည့် နေရာ၊ နယ်မြေ ဒေသကို ဇီဝအဝန်း နယ်မြေအဖြစ် အဖွဲ့ဝင် နိုင်ငံများ၏ သဘော တူညီချက် ရယူ၍ သတ်မှတ် ထုတ်ပြန် ကြေညာလေ့ ရှိသည်။

ဇီဝအဝန်း နယ်မြေ၏ အဓိက ရည်ရွယ်ချက်မှာ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းခြင်း ၊ ၄င်းနယ်မြေ အတွင်းရှိ ပြည်သူတို့၏ လူမှုစီးပွား ဘဝ မြှင့်တင်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းခြင်း နှင့် သဘာဝ သယံဇာတများ အပေါ် မှီခို ထုတ်ယူ သုံးစွဲနေမှု တို့ကို ညီညွတ် မျှတအောင် ထိန်းညှိစီမံ အုပ်ချုပ်သည့် စနစ်တစ်ခု ရှိစေခြင်းတို့ ဖြစ်ကြောင်း သိရသည်။

နေမျိုးသူရိန်

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...