Social Icons

Pages

Tuesday, July 7, 2015

အီးယူ အကူအညီဖြင့် ရန်ကုန်မြို့ပြ စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်




ရန်ကုန် ၊ ၇-၇-၂ဝ၁၅

ဥရောပသမဂ္ဂ (EU) ၏ ငွေကြေး ထောက်ပံ့မှုဖြင့် ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ဗဟိုကော်မတီ (YCDC) ၊ မြန်မာ အီးဂရက် နှင့် ရန်ကုန်မြို့ ပြ အမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့ တို့ ပူးပေါင်းပြီး မြို့ပြစီမံခန့်ခွဲမှု ဆိုင်ရာ မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများ ကောင်းမွန် လာစေရန် မြို့ပြစီမံကိန်း ဌာနခွဲကို စွမ်းဆောင်ရည် မြင့်တင် ပေးထားကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့(YHT)မှ သိရသည်။

အဆိုပါ စွမ်းဆောင်ရည် မြင့်တင်ခြင်း လုပ်ငန်းကို ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး အဖွဲ့ အစည်း ဆိုင်ရာနှင့် လုပ်ငန်း ဆောင်ရွက်မှု ဆိုင်ရာ စွမ်းဆောင်ရည်များ တိုးတက်လာရန်၊ ဒေသန္တရအဆင့် စီမံ အုပ်ချုပ်မှု စနစ် ပိုမိုအားကောင်း လာစေရန်၊ မြို့ပြစီမံကိန်း လုပ်ငန်း တို့များတွင် ပြည်သူလူထု လက်လှမ်းမီကာ ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည် ဟု သိရသည်။

စွမ်းဆောင်ရည် မြင့်တင်ခြင်း လုပ်ငန်းများ တွင် လေ့လာ ဆန်းစစ်မှု၊ ဆွေးနွေးပွဲ၊ သင်တန်းငါးခု၊ နိုင်ငံခြား လေ့လာရေး ခရီးစဉ် နှစ်ခုနှင့် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး နှင့် ပတ်သက်သည့် သတင်း အချက်အလက် ပညာပေးစာအုပ်၊ စာတမ်း ထုတ်ဝေခြင်းများ ပြုလုပ်ခဲ့ပြီး မြို့ပြ အဆောက်အဦများ ဖွဲ့စည်း တည်ဆောက်ပုံ လေ့လာ ဆန်းစစ်ချက်၊ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ ဥပဒေများ နှိုင်းယှဉ် လေ့လာခြင်း၊ အိမ်ခြံမြေ ဈေးကွက်နှင့် အမွေအနှစ်များ လေ့လာ ဆန်းစစ်ချက် များကို နိုင်ငံတကာနှင့် ပြည်တွင်း ပညာရှင်များ ပူးပေါင်း ပြုလုပ်ခဲ့သည်။

''လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ မြို့ ပြ စီမံကိန်း ရေးဆွဲခြင်းနဲ့ ထိန်းသိမ်း စောင့်ရှောက်ရေး ကဏ္ဍအတွက် တကယ့်ကို အရေးကြီးတဲ့ ခြေလှမ်းတွေ လျှောက်လှမ်း နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ ဒီ စီမံကိန်းဟာ ဥရောပ သမဂ္ဂနဲ့ နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်မှုရဲ့ အဆုံးသတ် မဟုတ်ဘဲ အစပြုခြင်းသာ ဖြစ်တယ်လို့ မျှော်လင့်ပါတယ် '' ဟု ရန်ကုန်မြို့ ပြ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဦးသန်းမြင့်ဦး က ပြောသည်။

စွမ်းဆောင်ရည် မြင့်တင်ရာတွင် ရန်ကုန်မြို့လည် အချက်အလက်များ ကောက်ယူမှု များလည်း ပါဝင်ပြီး ဥရောပမြို့တော် (အမ်စတာဒမ်၊ အန်သ်ဝပ်နှင့် လန်ဒန်) မြို့ လေ့လာရေး လုပ်ငန်းများလည်း ပါဝင်ပြီး ဂျာကာတာ ၊ပီနန်၊ ဂျော့ခ်ျတောင်း ကမ္ဘာ့ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နှင့် စီမံကိန်းနေရာ များသို့ လေ့လာခဲ့ကာ ရန်ကုန်မြို့ ပြ စီမံခန့်ခွဲမှု များကို အခြား အမွေအနှစ် ဒေသများဖြင့် နှိုင်းယှဉ် စီမံခန့်ခွဲ နိုင်ရန် လေ့လာခဲ့ကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...