Social Icons

Pages

Friday, June 12, 2015

သင်္ဘောများမှ ထုတ်လွှတ်နေသော မီးခိုးများကို ဥပဒေဖြင့် ကြပ်မတ်ရန် တရုတ်နိုင်ငံအစိုးရ စီမံ



ပေကျင်း ၊ ၁၂-၆-၂၀၁၅

တရုတ်နိုင်ငံ၏ လေထု ညစ်ညမ်းမှု လျှော့ချသွားရန် အတွက် သင်္ဘောများမှ ထုတ်လွှတ် နေသော မီးခိုးများကို ဥပဒေများဖြင့် ကြပ်မတ်သွားရန် တရုတ်နိုင်ငံ အစိုးရက စီမံနေကြောင်း ပတ်ဝန်းကျင် ရေးရာဝန်ကြီး ရုံးမှ ထုတ်ဖော် ပြောပြသည်။

တရုတ်နိုင်ငံတွင် လေထု၊ ရေထုနှင့် မြေကြီးပါ မကျန် လွန်စွာ ညစ်ညမ်းလာမှု အတွက် တရုတ်နိုင်ငံမှ ပြည်သူ၊ ပြည်သားများ၏ မကျေနပ်မှု များကို ရင်ဆိုင် နေရခြင်းကြောင့် တရုတ်နိုင်ငံ အစိုးရက မကြာမီက လေထု ညစ်ညမ်းမှုကြီး ကို 'စစ်ပွဲကြီး' အသွင်ဖြင့် အပြင်းအထန် တိုက်ဖျက် သွားမည် ဖြစ်ကြောင်း နိုင်ငံသို့ ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ များ၏ အမျက်ပြေ စေခြင်းငှာ တရုတ်နိုင်ငံ အစိုးရ ပတ်ဝန်းကျင် ရေးရာဝန်ကြီး က သင်္ဘောများမှ ထုတ်လွှတ် နေသော မီးခိုးများ ဘက်သို့ ယခု နောက်ဆုံး ဦးလှည့်သွားခြင်း ဖြစ်သည်။ သင်္ဘောများမှ ထုတ်လွှတ်သော မီးခိုးများကြောင့် ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုမှာ တိုးပွား လာနေကြောင်း ပတ်ဝန်းကျင် ရေးရာဝန်ကြီးရုံးမှ အရာရှိ တစ်ဦးက ရှင်းပြသည်။ တရုတ်နိုင်ငံ တစ်ဝန်းတွင် ၂ဝ၁၃ ခုနှစ် စာရင်းအရ မှတ်ပုံတင် ထားသော သင်္ဘောကြီး၊ ငယ်ပေါင်း အစီးရေ ၁၇၂၆ဝဝ ရှိကြောင်း သိရသည်။ အဆိုပါ သင်္ဘောကြီး၊ ငယ်များမှ ဆာလဖာဒိုင် ဆောက်ဆိုဒ် ၈ ဒသမ ၄ ရာခိုင်နှုန်း နှင့် နိုက်ထရိုဂျင် အောက်ဆိုဒ် ၁၁ ဒသမ ၃ ရာခိုင်နှုန်းကို ၂ဝ၁၃ ခုနှစ်အတွင်း က ထုတ်လွှတ်ခဲ့ ကြသည်။

ကမ္ဘာတစ်ဝန်း တွင် မြစ်ကြီး၊ မြစ်ငယ်များနှင့် ပင်လယ် သမုဒ္ဒရာ များအတွင်း သွားလာ ခုတ်မောင်း နေကြသော သင်္ဘောကြီး၊ ငယ်များကို လေထု သန့်ရှင်းရေး အတွက် ဥပဒေများ ရှိပြီးဖြစ်သည်။ ဥရောပ တစ်လွှားနှင့် အာဖရိက တိုက်ကြီးအတွင်း အသုံးပြု သွားလာ နေကြသော သင်္ဘောများ ကိုလည်း ဆာလဖာ ဒိုင်အောက်ဆိုဒ် ဓာတ် အနည်းဆုံး ဖြစ်အောင် ညွှန်ကြားထားပြီ ဖြစ်သည်။ သို့သော် အာရှတိုက် ကြီးတွင် ၄င်းဥပဒေမျိုး ကျင့်သုံးသော နိုင်ငံများ အနည်းငယ်သာ ရှိနေကြသည်။

ပြီးခဲ့သော အောက်တိုဘာလ က အမေရိကန်နိုင်ငံ ပတ်ဝန်းကျင် ရေးရာ အဖွဲ့ကြီးက ပင်လယ်ကူး သင်္ဘောကြီး များမှ ထုတ်လွှတ်နေသော မီးခိုးများသည် လေထုညစ် ညမ်းမှုကြီး အတွက် အကြီးမားဆုံး နေရာမှ ပါဝင်နေကြောင်း၊ ကုန်သေတ္တာတင် ပင်လယ်ကူး သင်္ဘောကြီး တစ်စင်းမှ ထုတ်လွှတ် နေသော မီးခိုးများသည် မြေပြင်တွင် သွားလာနေသော ကုန်တင်ကား ငါးသိန်းမှ တစ်ရက်တာ အတွင်း ထုတ်လွှတ်နေသော မီးခိုးများနှင့် ညီမျှနေကြောင်း ရှင်းပြ ထားရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...