Social Icons

Pages

Thursday, April 23, 2015

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ မိုးလေ၀သ အချက်အလက်များကို ပညာရှင်များ ဆန်းစစ်လေ့လာ



မန္တလေး ၊ ၂၃-၄-၂၀၁၅

ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှု များကြောင့် မြန်မာနိုင်ငံတွင် ဒေသဆိုင်ရာ မိုးလေဝသ အခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနမှ စောင့်ကြည့်လျက် ရှိသည်။ ကမ္ဘာ့ မိုးလေဝသနေ့ ဖြစ်သော မတ် ၂၃ ရက်တွင် မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ် ၏ မိုးလေဝသ အချက်အလက် များကို စာတမ်းပြုစုပြီး မိုးလေဝသ ပညာရှင်များက ဖတ်ကြားခဲ့သည်။

အဆိုပါ လေဆိပ်၏ လေတိုက်ရာ အရပ်၊ အမြင့်ဆုံး လေတိုက်နှုန်း၊ အနိမ့်ဆုံး အပူချိန်၊ လေထုစိုထိုင်းဆ၊ မိုးရေချိန်တို့ကို ၁၉၉၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ထိ နေ့စဉ် ၉ နာရီ အချိန် တိုင်းထွာချက် များမှ ရရှိသော မှတ်တမ်းများမှ လအလိုက် နှိုင်းယှဉ် လေ့လာတင်ပြ ခဲ့ကြောင်း အထက် မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးသိန်းနိုင်စိန် ထံမှ သိရသည်။

ထူးခြားသော မိုးလေဝသ ဖြစ်စဉ်များ အနေဖြင့် ၂ဝဝ၆ ခုနှစ်တွင် လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း နှင့် မြူဆိုင်းခြင်း အခြေအနေ များကို ကြိမ်နှုန်းများဖြင့် လေ့လာခဲ့သည်။

လေတိုက်ခတ်ရာ အရပ် အကြိမ် အနေဖြင့် တောင်အရပ်မှ လေတိုက်ခတ်မှု အကြိမ် အများဆုံးမှာ ဒီဇင်ဘာလတွင် ၁၇၄ ကြိမ် ဖြစ်ကြောင်း လေ့လာမှုအရ သိရသည်။ အမြင့်ဆုံး လေတိုက်နှုန်းမှာ ဧပြီလ၏ ပျမ်းမျှအမြင့်ဆုံး လေတိုက်နှုန်း တစ်နာရီ ၁၉ ဒသမ ၇ မိုင်နှုန်းသည် တစ်နှစ်လုံး၏ ပျမ်းမျှ အများဆုံး ဖြစ်သည်။

မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်ကို ၁၉၉၄ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်ထိ ၂၄ နာရီအတွင်း စံချိန်တင် အမြင့်ဆုံး လေတိုက်နှုန်းမှာ ၂ဝ၁၄ ခုနှစ် ဧပြီ ၂၉ ရက်တွင် တစ်နာရီလျှင် ၄၅ မိုင်ထိ တိုက်ခတ်ခဲ့ပြီး ယခင် စံချိန်ဟောင်းမှာ ၁၉၉၄ ခုနှစ် မေ ၈ ရက်တွင် တစ်နာရီလျှင် မိုင် ၄ဝ တိုက်ခတ်ခဲ့ကြောင်း စာတမ်းရှင်၏ လေ့လာချက် အရ သိရသည်။

လေဆိပ်များ၏ မိုးလေဝသ အခြေအနေ၊ လေတိုက်နှုန်း၊ လေတိုက်ရာ အရပ်တို့ကို ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် အစဉ်အမြဲ စောင့်ကြည့်ပြီး ထုတ်ပြန်လျက် ရှိကြောင်း အထက် မြန်မာပြည် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။ (၁၈ဝ)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...