လောကဓံတို့လွန်သော်
မဒါလေး
အကျိုးအကြောင်း၊ အဆိုးအကောင်း နှင့် အမြဲဒွန်တွဲ နေသော လောကကြီးတွင် လူသားတစ်ဦး ဖြစ်ရသည် ကိုက သင်ယူခြင်းများ များပြားလှသည်။ မိမိက တစ်ပါးသူကို သင်ပေးခြင်းထက် သင်ယူခြင်း အတွက်ကမူ အရင်းအနှီး များလွန်းလှသည်။ အချိန် (သို့မဟုတ်) ငွေ ဤနှစ်ခုတည်း နှင့် မလုံလောက် သောအခါ တစ်ခါတစ်ရံ ဘဝများကို စတေးရတတ် ပြန်သေးသည်။ တစ်ခါတစ်ရံ သိက္ခာတရား နှင့် အလဲအထပ် လုပ်ရသည်လည်း ရှိသည်။ မည်သို့သော အကြောင်းကြောင့် ဖြစ်စေ အကျိုးရလဒ် ကောင်းများကို လူအတော် များများက မျှော်လင့်တတ် ကြသည်။
တစ်ခါတစ်ရံ ကြမ်းတမ်းလွန်း လှသည့် လောကဓံ တရားများ အောက် မည်သည့် ဖြေရှင်းချက်၊ မည်သည့် အကျိုးရလဒ်၊ မည်သည့် မျှော်လင့်ချက်မျှ မရှိဘဲ အသက်စွန့် သွားရသူ များလည်း ရှိသကဲ့သို့ မဆိုသလောက် သော လောကဓံ လေအဝှေ့ကို ရင်မဆိုင်နိုင်ဘဲ ဘဝကို အရှုံးပေး သွားကြသူ များလည်း မနည်းပေ။ မည်သို့ပင် ကြုံစေ အကောင်းဆုံး၊ အကြံ့ခိုင်ဆုံး နှင့် သတ္တိရှိရှိ ရင်ဆိုင် ကျော်ဖြတ် နိုင်ရန်က လူသားတစ်ဦး၏ အရည်အချင်းပင်ဖြစ်သည်။ လေပြည်ပြီးလျှင် မုန်တိုင်းထန်တတ် သကဲ့သို့ မုန်တိုင်းပြီး လျှင်လည်း လေပြည် ရောက်လာ တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ တစ်ခါတစ်ရံ မုန်တိုင်းထန်ပြီးမှ ပိုမိုသာယာ လာသည်များ ကိုလည်း တွေ့မြင်နိုင်သည်။
သဘာဝတရား၏ ဆန်းကြယ်မှု နောက်သို့ လိုက်ကာ တွေဝေ ငေးမော နေမည့်အစား သဘာဝက ပေးသော အကောင်းဆုံး ဆုလာဘ် အဖြစ် အရာအားလုံးကို အကျိုးရှိရှိ အသုံးပြု တတ်ရန်သာ လိုအပ်သည်။လူတွင်လည်း လူသားစွမ်းအင် အရင်းအမြစ် ရှိသကဲ့သို့ သဘာဝမှ ပေးသော အရာများ အားလုံး သည်လည်း သူ့ပင်ကို စွမ်းအင်နှင့် အရင်းအမြစ် ရှိပြီးဖြစ်သည်။ ထိုစွမ်းအင် အရင်းအမြစ် တို့သည် အသုံးချသူ အပေါ် မူတည်ပြီး တန်ဖိုး ပြောင်းလဲ သွားနိုင်သည်။ လူတစ်ဦး၏ အောင်မြင်မှု၊ တိုးတက်မှု စသည်တို့ကို ထိုသူ၏ လုပ်ဆောင်ချက်များ အပေါ်တွင် တိုင်းတာကြ သကဲ့သို့ အရာဝတ္တု များကို ပြောင်းလဲနိုင်မှု အပေါ် မူတည်၍လည်း လူတစ်ဦး၏ အရေးပါမှုကို ဖော်ပြတတ် ကြသည်။
စစ်မှန်သော ပျော်ရွှင်မှု၊ စစ်မှန်သော ခင်မင်မှု၊ စစ်မှန်သော အားကိုး ယုံကြည်မှု၊ စစ်မှန်သော ကူညီဖေးမမှု ထိုအရာများ မရှိပါဘဲ လူလူချင်း ဆက်ဆံရာတွင် တစ်နည်းမဟုတ် တစ်နည်း အချိန်ကာလ ကြာမြင့်လာ သည်နှင့်အမျှ ဝေးကွာ သွားတတ် ကြသည်မှာ ဖြစ်မြဲဓမ္မတာပင် ဖြစ်သည်။ ခိုင်မြဲသော အချစ်၊ သစ္စာရှိသော ဘဝဟု မည်သည့် အတွက်ကြောင့် လူအတော်များများ ပါးစပ်ဖျားတွင် ပြောနေကြ ပါသနည်း။ သစ္စာဖောက် ခံရသည် ဆိုသော ခံစားချက်ကို ဘာကြောင့် နာကြည်းကြ ရပါသနည်း။ ဘာမျှ မပြောပ လောက်သော ဘဝ ပင်လယ်ထဲမှ ရေပွက်ခန့် လေးကို ဘာကြောင့် ကြီးကျယ်သော မုန်တိုင်းအဖြစ် ထင်မြင်ခံစား နေကြသနည်း။ အတွေးများ ဖြာလျက် သောကလည်း ပွေခဲ့ဖူး ကြမည်။
ထိုသူများသည် အမှန်တကယ်ပင် လောကဓံကို အသေအချာ ရင်မဆိုင်ရဲကြ သူများ၊ လောကတွင် အခက်အခဲ များကို လက်တွေ့ ရင်မဆိုင်ဖူး သူများ ဖြစ်ကြသည်။ သဘာဝနှင့် စိတ်ခံစားမှုတွင် လက်တွေ့ ကျကျ မစဉ်းစားနိုင်ဘဲ စိတ်ခံစားမှုကို ရှေ့တန်းတင် လွန်းကြသူများ ဖြစ်ကြသည်။ သို့အတွက်ကြောင့် အသေးငယ်ဆုံး ကိစ္စတစ်ခုနှင့် ကြုံလျှင်ပင် လွယ်လွယ် အလျှော့ပေးကာ တွေးတတ် ကြသည်။ မိမိထက် သူတစ်ပါး အပြစ်ကို ပိုမြင်တတ် လာကြသည်။ မိမိ တာဝန်ယူ ရမည့် အပိုင်းများ တာဝန် မယူနိုင်သည်များ အပေါ်တွင် သံသယဖြင့် အခြားသူများကို ချိန်ထိုး မြင်တတ် လာကြသည်။ ထိုသို့ဖြင့် ထိုသူများမှာ လူအများနှင့် ဝေးသည်ထက် ဝေးသွား တတ်ကြ သကဲ့သို့ လူသား အရင်းအမြစ်၏ တန်ဖိုးကိုလည်း လျှော့တွက် လာကြသည်။ အလေးမထားသော ဆက်ဆံမှုမျိုး ဆက်ဆံတတ် လာကြသည်။ မထီမဲ့မြင် ပြုတတ် လာသည်။ ထိုသို့ မိမိဆက်ဆံ လိုက်သော သူများထံမှ တုံ့ပြန်မှု ခံရလျှင်တော့ အဆိုးရွားဆုံး တုံ့ပြန်ဖြေရှင်း တတ်ကြသည်။ လူသားချင်း စာနာမှု ဟူသည် ထိုသူတို့၏ သဏ္ဌာန်တွင် မရှိတတ်ကြ။ အရာအားလုံး လက်တွေ့မကျသော မိမိတို့ အတွေ့အကြုံ များက မှန်သည်ဟု တစ်သမတ်တည်း စွဲမှတ် ထားကြသည်။
ယုံကြည်မှု လွန်ကဲခြင်းသည် အဆိုးရွားဆုံး သံသယကို ဖြစ်ပေါ်စေနိုင် သကဲ့သို့ ယုံကြည်မှု မဲ့လွန်း ပါကလည်း အဆိုးရွား ဆုံးသော ဆုံးရှုံးမှုကို ဖြစ်ပေါ် စေသည်။ မိမိ၏ ယုံကြည်ရာ အတွက် သူတစ်ပါး၏ သိက္ခာကို နင်းမခြေ သင့်ပေ။ မိမိ ယုံကြည်ချက် ကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။ အချိန်ယူကာ အဘက်ဘက်မှ စဉ်းစား တွေးခေါ်ခြင်း (သို့မဟုတ်) ချိန်ထိုး တိုင်းတာခြင်းများ ပြုလုပ်ပြီး မှသာ ဖြစ်သင့်သည် နှင့် မဖြစ်သင့် သောအရာ၊ ဖြစ်လာသည် နှင့် လက်ရှိ ဖြစ်နေသော အရာများကို နှိုင်းယှဉ် မြင်တတ် လာမည် ဖြစ်သည်။ ထိုသို့ မိမိဘက်က အဘက်ဘက်မှ ပြည့်စုံအောင် တိုင်းတာပြီးမှ သာလျှင် ဖြစ်သင့်သည် မဖြစ်သင့်သည်၊ မှားသည် မှန်သည်ကို ဆုံးဖြတ် သင့်သည်။ သို့မှသာ လောကဓံလှိုင်း မည်မျှ ကြမ်းစေကာမူ အပြုံးမပျက်ဘဲ ရင်ဆိုင်နိုင်မည် ဖြစ်သည်။ ပတ်ဝန်းကျင် သည် မိမိကို အကောင်းဆုံး သင်ပြ ပေးနိုင်သော ဆရာတစ်ဦး ဖြစ်သကဲ့သို့ အဆိုးရွား ဆုံးသော မိတ်ဆွေ တစ်ဦးလည်း ဖြစ်သည်ကို အချိန်နှင့် အမျှ သတိပြု သင့်သည်။ ပတ်ဝန်းကျင်မှ ကောင်းသော အရာများကို သင်ယူ လေ့လာပြီး တာဝန်မဲ့စွာ ပြောဆိုမှု များကို ဉာဏ်နှင့်ယှဉ်ကာ ချင့်ချိန် မှတ်ယူသင့်သည်။ ပတ်ဝန်းကျင်မှ တိုက်ခိုက်မှု များလေလေ မိမိကိုယ်ကို ရင့်ကျက် သည်ထက် ရင့်ကျက်အောင် ပိုမိုသင်ယူ လေ့ကျင့် နိုင်ရမည်။ သို့မှသာ လောကဓံ မည်ကဲ့သို့ ကြမ်းကြမ်း ''နင်လားဟဲ့ လောကဓံ ကြမ်းချင်တိုင်း ကြမ်းလာစမ်း'' ဟု အပြုံးမပျက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။ လူတစ်ဦးသည် ကိုယ့်လိပ်ပြာ ကိုယ်လုံရန်နှင့် ယုံကြည်ချက် ခိုင်မာရန်သာ အရေးကြီးသည်။ ဘဝရှိနေသရွေ့လောကဓံ လှိုင်းပေါ် နိမ့်ချည် မြင့်ချည် ကူးခပ်နေရဦးမည် ဖြစ်သဖြင့် အားစိုက်ကာ ကူးခပ်နေရန်သာ လိုအပ်သည်။ ပတ်ဝန်းကျင် ဟူသည် လက်တွေ့ မကျသော ကူညီမှုမျိုးဖြင့် သင့်ကို အမြဲတိုက်ခိုက်ရန် ချောင်းနေသည့် မိတ်ဆွေဆိုးကြီး ဖြစ်သည်။
သို့အတွက် လူသားတိုင်း ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်ရင်း လောကဓံ တို့ကို အပြုံးမပျက် ရင်ဆိုင်နိုင်ကြ ပါစေဟု ဆန္ဒပြု ရေးသားလိုက်ရ ပါသည်။
#Yadanarpondaily
No comments:
Post a Comment