ပြင်ဦးလွင် ရှိ ပွဲကောက်ရေတံခွန်
ပြင်ဦးလွင် ၊ ၁၇-၃-၂၀၁၅
ပြင်ဦးလွင်မြို့ ပွဲကောက် ရေတံခွန် အပန်းဖြေ စခန်းတွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်ဝင်ရောက်မှု နည်းပြီး ပြည်တွင်းမှ အပန်းဖြေ လာရောက်သော ဧည့်သည် များသာ ပိုမို များပြားလျက် ရှိရာ နိုင်ငံခြား ခရီးသွားများ စိတ်ဝင်စားမှု ရှိလာအောင် လိုအပ်ချက်များ ဖန်တီး ဖော်ဆောင် သင့်ကြောင်း ရေတံခွန် ကြီးကြပ်ရေးမှူး ရုံးမှ သိရသည်။
ပွဲကောက် ရေတံခွန် အပန်းဖြေ စခန်းသည် ပြင်ဦးလွင် မြို့၏ အရှေ့ဘက် ခုနစ်မိုင် အကွာ ရေငယ်ရွာ၏ တောင်ဘက်၊ မဟာ အံ့ထူးကံသာ ဘုရားကြီး၏ မြောက်ဘက်တွင် ရှိသည်။ ပြင်ဦးလွင်မြို့မှ မော်တော်ယာဉ်ဖြင့် ၁၅ မိုင်ခန့် သွားရသည်။ ဧရိယာ အကျယ်အဝန်း ၂၃ ဒသမ ၅ ဧကရှိပြီး ပင်လယ် ရေမျက်နှာပြင် အထက် ၃၃ဝ၆ ပေခန့်တွင် ရှိသည်။
နှစ်စဉ် နွေရာသီ ကာလနှင့် သင်္ကြန်တွင်း ကာလများတွင် အပန်းဖြေ လာရောက်သူ များဖြင့် စည်ကားလျက် ရှိသည်။ အပန်းဖြေ လာရောက် သူများမှာ တစ်နေ့လျှင် ပျမ်းမျှဦးရေ ၃ဝဝ မှ ၅ဝဝ ထိရှိသည်။ လာရောက် သူများတွင် ပြည်တွင်း ခရီးသွား များပြားပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှု အနေဖြင့် နေ့စဉ်သုံးဦးမှ ငါးဦးခန့်သာ ရှိသည်။
နိုင်ငံခြားသား ဝင်ရောက်မှုမှာ အခြားသော နေရာများထက် လျော့နည်းလျက် ရှိကြောင်း၊ ပွဲကောက် ရေတံခွန် အပန်းဖြေစခန်း အတွင်း အဆင့် မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ စိတ်ဝင်စားသော သဘာဝ ရှုခင်းများ နည်းခြင်း၊ သားငှက်များ နည်းပါးခြင်း၊ အနားယူရန် နေရာ နည်းပါးခြင်း နှင့် ပြင်ဆင်မှု များစွာ လိုအပ်လျက် ရှိကြောင်း အဆိုပါ အပန်းဖြေ စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှု များမှသာ နိုင်ငံတော်၏ ဝင်ငွေ တိုးတက်နိုင်ပြီး အပန်းဖြေ စခန်းများလည်း အထင်ကရ နေရာများ ဖြစ်လာနိုင်သည်။ ဝင်ကြေး အနေဖြင့် နိုင်ငံခြားသား ခရီးသွား ဧည့်သည် တစ်ဦး လျှင် ငွေကျပ် ၅ဝဝ၊ ပြည်တွင်း ဧည့်သည် တစ်ဦးလျှင် ငွေကျပ်၂ဝဝ ကောက်ခံကြောင်း သိရသည်။
ပြည်တွင်း ခရီးသည် ဝင်ရောက်မှု များပြားသည်နှင့် အမျှ အပန်းဖြေ စခန်းအတွင်း ပြုပြင်မှု များလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရသည်။ ''ပြည်တွင်းက ဧည့်သည်တွေ များပါတယ်။ တချို့က စည်းကမ်း မရှိဘူး။ ပန်းခင်းတွေကို နုတ်တယ်။ တံတားတွေ၊ လက်ရန်းတွေ ချိုးတယ်။ မူးယစ် သောက်စားမှုတွေ ရှိပါတယ်။ ထိုင်ခုံတွေ ရိုက်ချိုးတယ်။ ဒါတွေကို ထိန်းရတဲ့ အခါမှာ လူများရင် မလွယ်ပါဘူး။ ဥပမာ- ကြိုးတံတား ဆိုရင် ငါးဦးပဲ တက်ရောက် ခွင့်ပြု ပါတယ်။ ဒါပေမဲ့ ၁ဝ ဦး၊ ၁၅ ဦး တက်နေကြ တယ်။ ပြောလို့လဲ မရပါဘူး။ ဒါက အန္တရာယ် ဖြစ်နိုင်တယ် '' ဟု တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ (၁၈ဝ)
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment