Social Icons

Pages

Friday, March 6, 2015

ကုန်စည်ပို့ဆောင်ရေး စရိတ်ကြီးမြင့် လာမှုကြောင့် မြန်မာ့ကျွဲကောသီးများ ပြည်တွင်း ဈေးကွက်များတွင်သာ ဖြန့်ဖြူး ရောင်းချနေရ


ရန်ကုန် ၊ ၆-၃-၂၀၁၅

မြန်မာ့ ကျွဲကောသီးမှာ ပြည်ပဈေးကွက် ဝယ်လိုအား ရှိနေသော်လည်း သယ်ယူ ပို့ဆောင်ရေး စရိတ်နှင့် တွက်ခြေကိုက်မှု မရှိတော့သဖြင့် ပြည်ပဈေးကွက် များသို့ တင်ပို့ရောင်းချ နိုင်ခြင်းမရှိဘဲ ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ဈေးကွက်များမှ တစ်ဆင့် ပြည်တွင်း ဈေးကွက်များ သို့သာ ဖြန့်ဖြူးရောင်းချ ပေးနေရကြောင်း ကျွဲကော စိုက်တောင်သူ များနှင့် မြန်မာနိုင်ငံ ကျွဲကော စိုက်ပျိုးထုပ်လုပ် သူများ အစုအဖွဲ့၏ သတင်းများ အရ သိရသည်။

မြန်မာ့ ကျွဲကောသီး များမှာ ၂ဝ၁၂ ခုနှစ်မှ စတင်ကာ ပြည်ပပို့ကုန် အမည်အသစ်ဖြင့် ပြည်ပဈေးကွက်ဝင် သစ်သီးများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မြန်မာ့ ကျွဲကောသီးကို နယ်စပ် ကုန်သွယ်ရေးမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိပြီး စင်ကာပူနိုင်ငံ သို့ စမ်းသပ်တင်ပို့ ရာတွင်လည်း ဈေးကွက် အောင်မြင်မှုများ ရရှိနေခဲ့သည်။

ထို့ပြင် မြန်မာ့ ကျွဲကောသီးများကို အာရှဒေသတွင် ဂျပန်နိုင်ငံနှင့် အီးယူ နိုင်ငံတို့ကလည်း ဝယ်ယူရန် ကမ်းလှမ်းမှုတွေ ရှိနေသည်။ သို့သော် ပြည်တွင်းတွင် စိုက်ပျိုးမှု နည်းပါးနေသည့် အပြင် မွန်ပြည်နယ်ရှိ ကျွဲကောသီး  စိုက်ပျိုးထုတ်လုပ် သူများအနေဖြင့် ပြည်တွင်းကို ကျော်ဖြတ်ပြီး နယ်စပ် ကုန်သွယ်ရေး စခန်းများသို့ တင်ပို့ရန် ကုန်စည် သယ်ယူစရိတ် ကြီးမြင့်ခြင်းကြောင့် တွက်ခြေကိုက်မှု မရှိသဖြင့် ပြည်တွင်းဈေးကွက် များသို့သာ ဖြန့်ဖြူးရောင်းချ နေရကြောင်း သိရသည်။

ကျွဲကောသီး များကို ပြည်ပဈေးကွက် များသို့တင်ပို့ ရောင်းချလျှင် ကျွဲကောသီး တစ်တန်ကို အမေရိကန် ဒေါ်လာ ၃၉ဝ အထိ ဈေးနှုန်းရရှိ နိုင်သော်လည်း နယ်စပ် ကုန်သွယ်ရေး လမ်ကြောင်းမှ ဖြစ်စေ၊ ပင်လယ်ရေကြောင်း မှဖြစ်စေ၊ ကျွဲကောသီး တင်ပို့မှုစရိတ်မှာ အဆိုပါ ဈေးနှုန်းနီးပါး ကုန်ကျမှု ရှိနေသည်။ ထို့ကြောင့် လမ်းခရီးတွင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ် လာနိုင်ခြင်းကြောင့် ပြည်ပ တင်ပို့မှု ရပ်နားခဲ့ရခြင်း ဖြစ်သည်။ ပြည်ပတင်ပို့မှု ရပ်နား ခဲ့ရသော်လည်း ပြည်တွင်း ဈေးကွက်များတွင် ကျွဲကောသီး အရွယ်အစား အလိုက် တစ်လုံးလျှင် ငွေကျပ် ၃ဝဝ မှ ၁ဝဝဝ အထိ ဈေးနှုန်း ရရှိနေသည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများဖြစ်သည့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီး တို့တွင် အောင်မြင် ဖြစ်ထွန်းနေသည့် ကျွဲကောသီး များမှာ ပြည်တွင်း ဈေးကွက်များ အားလုံးသို့ ဖြန့်ဖြူးရောင်းချ နိုင်လျှင် ပြည်ပသို့ တင်ပို့ ရောင်းချနိုင်မှု မရှိသော်လည်း ပြည်တွင်း ဈေးကွက်များနှင့်ပင် ဈေးကွက် အခြေအနေ ပိုမိုကောင်းမွန် လာနိုင်ကြောင်း ဈေးကွက် လေ့လာသူများ၏ ပြောပြချက် အရ သိရသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...