Social Icons

Pages

Thursday, March 12, 2015

အကွက်ကျဲကျဲနှင့် လက်မည်းတွေ


အကွက်ကျဲကျဲနှင့် လက်မည်းတွေ

အတွင်းသိ

အခုတစ်လော ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး လှုပ်ရှားမှု တွေက အလေ့အကျင့် အတွေ့အကြုံ ရှိကြတဲ့ လေ့လာ သူတွေ အတွက်မှာတော့ ပုံစံကျ ရွှေ့ကွက်တွေပဲ ဆိုတာ သိသာ နေပါတယ်။ ဒီ ရွှေ့ကွက်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင် နေတဲ့သူတွေ ရှိတယ်လို့ တာဝန်ရှိတဲ့ သူတွေ ပြောလိုက်တိုင်း တော်တော် များများက ''ဒါမျိုးတွေ ရိုးနေပြီ၊ အစိုးရကတော့ တစ်ခုခြု ဖစ်တာနဲ့ ကွန်မြူနစ်တွေ၊ ဗကပတွေ လက်ချက်လို့ ထိုးချလိုက်တာပဲ'' လို့ ပြက်ရယ်ပြု ကြလေ့ ရှိပါတယ်။ ''ဗကပတို့၊ ကွန်မြူနစ် တို့ဆိုတာ ဘယ်မှာ ရှိတော့လို့လဲ၊ ပျောက်ကွယ် သွားတာ ကြာလှပေါ့'' လို့လည်း ဆိုကြပါတယ်။

တကယ်တော့ အဲဒီလို ပြောကြတဲ့ သူတွေထဲမှာ နှစ်မျိုးပဲ ရှိပါတယ်။ တစ်မျိုးကတော့ ကွန်မြူနစ် အကြောင်း၊ ဗကပ အကြောင်း တကယ် မသိရှာတဲ့ သူတွေပါ။ နောက်တစ်မျိုး ကတော့ အဲဒီ ကွန်မြူနစ်တွေ ကိုယ်တိုင်ပါပဲ။ သူတို့ကတော့ ကိုယ်ယောင် ဖျောက်ထားတာ ပေါ့လေ။ ဘယ်လောက်ပဲ ကိုယ်ယောင် ဖျောက်ထားထား၊ ရုပ်ပြောင်း ရုပ်လွှဲ လုပ်ထားထား မျက်တောင် မခတ်၊ အရိပ် မထွက်ရင် ဘီလူးဆိုတာ သိနိုင်သလို နည်းနည်း ကလေး အရိပ်အကဲ ကြည့်လိုက် တာနဲ့ ဘယ်သူဆိုတာ အတွင်းကျကျ သိထားပြီးတဲ့ သူတွေကတော့ သိနိုင်ပါတယ်။

ကွန်မြူနစ်နဲ့ ပတ်သက်ရင် ဆိုရိုးတစ်ခု ရှိပါတယ်။ "Once a communist, forever communist" တဲ့။ ကွန်မြူနစ် ဆိုတာ တစ်ခါ ကွန်မြူနစ် ဖြစ်ဖူးရင် တစ်သက်လုံး ကွန်မြူနစ် ဖြစ်သွားရောတဲ့။ မယုံရင် မကြာခင်ကမှ
ကွယ်လွန် သွားတဲ့ ရဲနီကျော်ဝင်း တို့လို ပုဂ္ဂိုလ်မျိုး တွေကိုပဲ ကြည့်ပေါ့။ အခု အချိန်အထိ သူတို့ အသက် အရွယ်တုန်းက သူတို့ရဲ့ ရဲဘော်ရဲဘက် အဘိုးကြီး၊ အဘွားကြီးတွေ ဟာ အချင်းချင်း တွေ့တာနဲ့ လက်သီးဆုပ်ကို မြှောက်ပြီး ''အလေးနီ'' ပြု နှုတ်ဆက် နေကြတုန်း ဆိုတာ အတွင်းသိတွေ အားလုံးသိကြ ပါတယ်။

အခု စာရေးနေတဲ့ အတွင်းသိ ဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် မဖော်ချင်လို့ အမည်ကို မပြောလို ပေမယ့် ကွန်မြူနစ်လို့ ပြောမယ်ဆိုရင် အဖေရော၊ အမေရော မူလ လက်ဟောင်း ကွန်မြူနစ် စစ်စစ်ကြီး တွေရဲ့ ဗိုက်ထဲက မွေးလာခဲ့တာမို့ အမေ့ဗိုက်ထဲက မထွက်ခင် ကတည်းက ကွန်မြူနစ်သွေး ပါခဲ့တော့ သူများတွေက ကွန်မြူနစ် လို့ပြောတာ ရယ်တောင် ရယ်ချင်သေးလို့ ဆိုလိုက်ချင် ပါရဲ့။

အခု ဖြစ်နေတဲ့ အဆင်အကွက် တွေ ကြည့်လိုက်တဲ့ အခါ ဘောလုံးအသင်း တစ်ခု တည်ထောင် လှုပ်ရှား နေတာနဲ့ သိပ်ဆင်တူ တယ်ဗျာ။ ဘောလုံး အသင်းတစ်သင်း မှာ ကစားသမားတွေ ပါတယ်။ နည်းပြ ပါတယ်။ အသင်းအုပ်ချုပ်တဲ့ မန်နေဂျာ ပါတယ်။ ဒါပေမဲ့ ဘောလုံးကန် နေချိန်မှာ ကြည့်လိုက် ရင်တော့ ကွင်းထဲမှာ ကစားသမားတွေ ပြေးလွှား နေတာကိုပဲ တွေ့ရလိမ့်မယ်။ နည်းပြဆိုတဲ့ လူကတော့ ကွင်းအပြင်က ခုံတန်းမှာ ထိုင်ကြည့် နေတာပဲ။ တစ်ခါတလေ ဘေးကလိုက်ပြီး အော်ဟစ် ညွှန်ကြားနေတာ တွေ့ရမယ်။ ဒါပေမဲ့ မန်နေဂျာ ဆိုတဲ့ သူကိုတော့ တွေ့ချင်မှတောင် တွေ့ရ ပါလိမ့်မယ်။ အခုလည်း ဒီလိုပဲ။ ဆန္ဒပြချီတက် နေတာကတော့ ကျောင်းသား တွေပဲ။ ဒါပေမဲ့ သူတို့ကို နောက်ကကပ်ပြီး ညွှန်ကြား နည်းပြ အကွက်ဆင် ပေးနေတာ ကတော့ ကွန်မြူနစ် တွေဗျ။ အသင်း မန်နေဂျာ နဲ့ အသင်းကို ပွဲသွင်းပြီး အဝယ်အရောင်း လုပ်နေတဲ့ သူတွေကတော့ ကွင်းအပြင် ဘက်မှာရှိတဲ့ တခြား အုပ်စုပါ။ သူတို့ကတော့ ငွေရှင်ကြေးရှင် တတ်နိုင် ထောက်ပံ့နိုင်တဲ့ သူတွေပေါ့ဗျာ။

အနီးကပ် နည်းပြ ကွပ်ကဲနေတာက ကွန်မြူနစ် တွေလို့ ဘာကြောင့် ပြောနိုင် သလဲဆိုတာ ကတော့ ကြည့်တတ်ရင် မြင်ပါတယ်။ ပထမဆုံး ကြေးသွန်း ဘုရားမှာ ပညာရေးဌာန က တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးပြီးတဲ့ အခါ ကျောင်းသား ခေါင်းဆောင်ဆို တဲ့အုပ်စုက အင်တာ နေရှင်နယ် သီချင်းကို ဆိုတယ်။ တူတံစဉ် အလံကို လွှင့်တယ်။ အဲဒါ ကွန်မြူနစ် အမှတ်တံဆိပ် ဆိုတာ အသိသာကြီးပဲ။

အဲဒီအချိန်က စပြီး ကျောင်းသား လှုပ်ရှားမှုဟာ ကွန်မြူနစ်တံဆိပ် အကပ်ခံ လိုက်ရတာပဲ။ အဲဒီလိုလုပ်ဖို့ ဘယ်ကနေ၊ ဘယ်သူက ဖုန်းနဲ့ညွှန်ကြား ခဲ့တယ် ဆိုတာလည်း အတွင်းသိ ကတော့ သိပါတယ်။ ဒီကနေ့ အစိုးရက ကျောင်းသားတွေကို အကုန်လုံး ဈေးလျှော့ပေးပြီး ဦးကုန်းချတော့ မတတ် အရှုံးပေး နေတာတောင်မှ သပိတ်ကို မရပ်နိုင်ဘဲ တောင်းသလောက် လွှတ်တော်က မပေးရင်လည်း ရန်ကုန်ကို ဆန္ဒပြ ချီတက်မယ်၊ တောင်းသလောက် ရရင်လည်း ရန်ကုန်ကို အောင်ပွဲခံ ချီတက်မယ် လို့ ခေါင်းကြော မာနေတဲ့ ဗကသ ဆိုတဲ့ သူတွေရဲ့ အရင်းအမြစ် ကို ကြည့်လိုက်ရင် ဒုတိယ မျိုးဆက် ကွန်မြူနစ်တွေရဲ့ သားတွေ၊ သမီးတွေ ဆိုတာ တွေ့ရမှာပါ။ တစ်ယောက်မှ ကျောင်းသား အစစ် မဟုတ်တော့ဘဲ တချို့က တံမြက်စည်း ရောင်းတဲ့သူ၊ တချို့က လျှပ်စစ်မီး ပြင်တဲ့သူ စသည်ဖြင့် အပြင်လောကမှာ လုပ်ကိုင် စားသောက် နေပေမယ့် ကျောင်းသား ဆိုတဲ့ ခေါင်းစဉ်ကိုတော့ ''ငါ့ဟာ၊ ငါ့ဟာ'' လုပ်ပြီး ဆုပ်ကိုင်ထား နေကြတာ တွေ့ရလိမ့်မယ်။ ဒီလို ဆုပ်ကိုင်ထား ရတာကလည်း ကျောင်းသားလို့ ဆိုမှ သမဂ္ဂဖွဲ့ပြီး ကျောင်းသားတွေ နားကပ်လို့ ရမှာကိုး။ ဘောလုံးအသင်း ဝတ်စုံဝတ်ထားမှ ကွင်းနားကပ်လို့ ရတဲ့ နည်းပြတွေလို ပေါ့ဗျာ။ ဒါပေမဲ့ သူတို့က လက်ထောက် နည်းပြ အဆင့်ပဲ ရှိသေးတာဗျ။

သူတို့ နောက်မှာ ပွဲကစားဖို့ အတွက် ၃၊ ၄၊ ၃ ပုံစံလား၊ ၄၊ ၂၊ ၄ ပုံစံလား၊ ရှေ့ပိုင်းမှာ ပိတ်ကစားပြီး နောက်ပိုင်း မှာ ဖွင့်ကစား မလား စသည်ဖြင့် ဗျူဟာ ဆင်ပေးနေတဲ့ သူတွေ ရှိသေးတယ်။ သူတို့ကတော့ နည်းပြမှူး၊ နည်းပြချုပ် တွေပေါ့ဗျာ။ အဲဒါက ဘယ်သူတွေလည်း ဆိုတော့ အထက် မြန်မာပြည် တစ်ဝိုက်မှာ အခြေပြု နေတဲ့ လက်ဟောင်း ယူဂျီ ဗကပကြီး တွေပေါ့။ ဒါက အထင်နဲ့ စွပ်စွဲတာ မဟုတ်ဘူးဗျ။ မန္တလေး ကနေ ကျောင်းသား သပိတ်စစ်ကြောင်း အထွက်မှာ စင်ပေါ်တက်ပြီး သူ့ကိုယ်သူ ဗကပယူဂျီ လို့ ထူးဆန်းလှစွာ ဗြောင် ကြေညာပြီးမှ တရားဟော သွားတဲ့ အမည်မှာ စနေနံနဲ့စ တဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက် ရှိခဲ့သလို အဲဒီပွဲမှာ မကြာသေးခင် ကမှ ဘဝတစ်ပါး ကြွေလွင့် သွားရှာတဲ့ ဗကပ ဗဟို မြေအောက် တာဝန်ခံကြီး ဗိုလ်ကြင်မောင် ကို စုပေါင်း အလေးပြုခဲ့ ကြတာ၊ အင်တာ နေရှင်နယ် သီချင်း ဟစ်ကြွေး ခဲ့တာတွေ (မီဒီယာတွေက ဖုံးထားခဲ့ပေမယ့်) အဲ့ဒီပွဲမှာ ရှိခဲ့တဲ့သူ တိုင်း သိကြပါတယ်။ နည်းပြချုပ် တွေထဲမှာ အဝေးကနေ ရီမုတ် ကွန်ထရိုးနဲ့ တော်လှန်ရေး မဟာဗျူဟာ တွေကို အွန်လိုင်းက တင်ပို့နေတဲ့ မဟာပညာရှိ ခေါင်းဆောင်ကြီး တချို့လည်း ရှိပါသေးတယ်။ နာမည်သုံးလုံး နဲ့ဗျာ။ ဒီလောက်ဆို သိမှာပါ။

ဒါပေမဲ့ တကယ်တမ်း ကျတော့ ကွန်မြူနစ် ဆိုတာ ပစ္စည်းမဲ့ တော်လှန်ရေး ရဲ့ သားကောင် (အဲလေ) သားကောင်းတွေ ပီပီ ပိုက်ဆံတော့ မရှိကြရှာ ဘူးဗျာ။ ဆန္ဒပြ သပိတ်မှောက်တယ် ဆိုတာကလည်း အလွန် အကုန်အကျ များတဲ့ အလုပ်ဆိုတော့ တခြားငွေစ ကြေးစ ထုတ်ပေးနိုင် တဲ့သူ တွေဆီ ချဉ်းကပ် ရတော့တာ ပေါ့ဗျာ။ သူတို့ကတော့ အသင်း မန်နေဂျာနဲ့ ငွေရှင်တွေ ဆိုပါတော့။ ငွေရှိပြီဆိုမှ တော့ ကွန်မြူနစ် တော့ မဟုတ်နိုင်တော့ ဘူးပေါ့ဗျာ။

ကွန်မြူနစ် မဟုတ်ရင်တော့ အရင်းရှင်၊ လစ်ဘရယ်၊ ဆိုရှယ်နယ်ချဲ့ စသည်ဖြင့် ကွန်မြူနစ်တွေ အမျိုးမျိုး ကင်ပွန်းတပ် ခဲ့ရတဲ့ လက်ယာယိမ်း တွေပေါ့။ တချို့ကလည်း ပြည်တွင်းမှာ အထုပ်နဲ့ အထည်နဲ့ အုံနဲ့ကျင်းနဲ့။ ဂုဏ်ဒြပ် ကြီးကြီး အင်အားစု တွေဗျ။ တချို့ကတော့ အကြောင်း ကြောင်းကြောင့် ပြည်တော် အပြီး မပြန်နိုင် သေးဘဲ အဝေးကနေ အရေးတော်ပုံ ကြာပါစေလို့ ကြွေးကြော် နေကြတဲ့ အမျိုးချစ် အုပ်စုတွေ ပေါ့ဗျာ။ သူတို့က တော့ တစ်ခါတလေ လာလာ မွှေသွားလိုက်၊ ပြန်သွား ပြီးရင် အကွက်ဆင်၊ ခွင်ဖန်လိုက်၊ အထဲကို လှမ်းလှမ်းပြီး ချိတ်လုပ် နေကြတာလေ။

ပြန်ချုပ် ရရင်တော့ ဒီကိစ္စက ပညာရေး အကြောင်းပြ ပေမယ့် နိုင်ငံရေး ရွှေ့ကွက် တစ်ခုပါ။ ရည်မှန်းချက် ကတော့ ကွန်မြူနစ် အသုံးနဲ့ပြောရရင် GS ပေါ့။ GS ဆိုတာက အထွေထွေ သပိတ်ကြီး (General Strike) ဖန်တီးဖို့ပါ။ 

ဒီပုံစံက ဗိုလ်ချုပ်အောင်ဆန်း တို့ စစ်ပြီးကာလ ဘုရင်ခံရဲ့ အတိုင်ပင်ခံ ကောင်စီမှာ ဥက္ကဋ္ဌလုပ် နေရတုန်းက ကွန်မြူနစ်တွေ ဝန်ထမ်းပေါင်းစုံ သပိတ် ဖန်တီးပြီး အစိုးရကို အကျပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ နည်းမျိုးပါပဲ။ အဲဒီတုန်းက လွတ်လပ်ရေး ရခါနီး တိုင်းပြည်အတွက် အရေးကြီး ကာလမှာ ဖဆပလ အစိုးရကို အမှတ်တွေ ရသွားမှာ စိုးလို့ အဖျက်အမှောင့် လုပ်ပြီး ဒုက္ခပေး ခဲ့တာ၊ ဒါကြောင့်လည်း ကွန်မြူနစ် အကြောင်း နောကျေ အောင်သိတဲ့ ဗိုလ်ချုပ် က ကွန်မြူနစ် တွေကို ဖဆပလ ထဲက မောင်းထုတ် ဖယ်ရှား ခဲ့တာပေါ့။ ဗိုလ်ချုပ်က ကွန်မြူနစ်တွေ အကြောင်း မသိဘဲ နေမလား။ သူကိုယ်တိုင်က ဗမာပြည် ကွန်မြူနစ်ပါတီ ရဲ့ ပထမဆုံး အထွေထွေ အတွင်းရေးမှူး လေ။

အဲဒီတုန်းက GS နဲ့ ဖဆပလ အစိုးရကို ဖြုတ်ချလို့ မရတော့ လွတ်လပ်ရေးရပြီး သုံးလမပြည့်ခင် မှာကိုပဲ AS လုပ်ပြီး တိုင်းပြည် အာဏာကို အကြမ်းနည်းနဲ့ ရအောင် ကြိုးစားတော တာပဲ။ AS ဆိုတာက သူတို့အခေါ် (Armed Struggle) လက်နက်ကိုင် တော်လှန်ရေး ပါ။ AS နဲ့ နှစ်ပေါင်း ၇ဝ လောက် လုံးပန်းလိုက်တာ ပဲခူးရိုးမ ကနေ အရှေ့မြောက် နယ်စပ်ကို ပြေးရ၊ အရှေ့မြောက် မှာလည်း နောက်ဆုံးတော့ သူတို့ခွစီး ထားတဲ့ တိုင်းရင်းသား အုပ်စုတွေက ခါချ လိုက်ပြန်တော့ အနောက်နိုင်ငံကို ရွှေ့ပြီး ခိုလှုံ၊ နောက်ဆုံးမှာ လက်ကျန် လူကြီးတွေ လုံးပါးပါးကုန် တဲ့အချိန် မှာတော့ ဒီဘက်ကလည်း တိုင်းပြည်က ပြန်ပွင့်လင်း လာပြီး ဒီမိုကရေစီ အခွင့်အရေးတွေ ထိုက်သင့် သလောက် ရလာချိန်မှာ AS ကနေ GS ဘက်ကို ပြန်လှည့်လာတာပါပဲ။ GS လုပ်ဖို့အတွက် ကလည်း အခွင့်သာလာ တယ်လေ။ စာနယ်ဇင်း လွတ်လပ်ခွင့်တွေ ပေးလိုက်တော့ အခု စာပေနယ်က အစိုးရ ဆန့်ကျင်ရေး ဂျာနယ်တွေ၊ သမဂ္ဂတွေမှာ ဆရာကြီး လုပ်နေကြတဲ့ လူတွေ အတော် များများဟာ တောပြန် ကျွန်းပြန် အနီရောင် တွေချည်းပဲ။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒပြခွင့် တွေ ရလာတော့ နေရာပေါင်းစုံ မှာ သမဂ္ဂပေါင်းစုံ ပေါ်လာတာမှာ သူတို့ရဲ့ ကွန်ရက်ကို အလွှာအသီးသီး အတွင်းထဲ အထိ ထိုးဖောက် စိမ့်ဝင်လာနိုင် ခဲ့ပြီလေ။

ကျောင်းသားတွေ ကတော့ သူတို့ရဲ့ ရွှေ့ကွက်ထဲမှာ ဘာမှ မသိရှာတဲ့ နယ်ရုပ်တွေ ပါဗျာ။ အခုတစ်လော စက်မှုဇုန်တွေမှာ အကြောင်း အမျိုးမျိုးနဲ့ ဆန္ဒပြ အုံကြွ နေကြတဲ့ အလုပ်သမား တွေလည်း ဒီလိုပါပဲ။ နယ်ရုပ်တွေပါ။ ဒီလုပ်ရပ် တွေက အချိန်ကိုက်ဗုံး လို ဖောက်ခွဲဖို့ လှုံ့ဆော် သွေးထိုးတဲ့ ယူဂျီကလာပ်စည်း တွေရဲ့ လက်ရာဆိုတာ အသိသာကြီးပါ။ သူတို့ကတော့ ငြင်းမှာပဲ။ မသိတဲ့ လူတွေကလည်း အဲဒါကို ယုံကြမှာပဲ။ ကျောင်းသား သမဂ္ဂကတော့ သူတို့ရဲ့ အကောင်းဆုံး လုပ်ကွက်ပဲလေ။ လူထုက သားသမီးတွေနဲ့ ပတ်သက်ရင် ထိလွယ်ရှလွယ် စည်းရုံးလို့ အလွယ်ဆုံး။ ဒါကြောင့် ကျောင်းသားကို ရှေ့တန်းတင် လိုက်ရင် အစိုးရလည်း လုပ်ရခက်သွားပြီ။ 

ဖဆပလ အစိုးရ လက်ထက် ကတည်းက တကသ မှာ ကွန်မြူနစ် ယူဂျီကျောင်းသား တွေက တပ်ဦးဆိုတဲ့ နာမည်နဲ့ အုပ်စီးခဲ့လို့ အစိုးရနဲ့ တခြိမ်းခြိမ်း ဖြစ်ခဲ့တာပေါ့။ ကျောင်းဆွေးဆွေး လူဆွေးဆွေး တစ်တန်းမှာ ငါးခါလောက် အကျခံပြီး မသေမချင်း ကျောင်းသားလုပ်၊ သမဂ္ဂကို အုပ်ပြီး နိုင်ငံရေးမှာ ရှုပ်ချင်လို့။ အစိုးရက သုံးခါကျ ကျောင်းထွက်စနစ် လုပ်လိုက်တော့ အနာပေါ် တုတ်ကျပြီး တိုက်ပွဲ လုပ်တော့တာပဲ။ ဗိုလ်ချုပ်တို့ ခေတ်တုန်းက ကျောင်းသား သမဂ္ဂက အမျိုးသား လွတ်မြောက်ရေး အတွက် ညီညီညွတ်ညွတ် ကြိုးပမ်း ခဲ့ကြတာ။ လွတ်လပ်ရေး ရပြီး ကျောင်းသားသမဂ္ဂ ကွန်မြူနစ် သူပုန်တွေရဲ့ မြို့ပေါ်ခြေကုပ် ဖြစ်လာတာ။ ဖဆပလ အစိုးရ လက်ထက် ကတည်းကပဲ။ အခုပြန်ပြီး အခွင့်သာ တာနဲ့ သူတို့ရဲ့ နည်းဟောင်းကြီးကို ပြန်သုံးဖို့ ကြိုးစား လာတာပါ။

ဒီအကြောင်း တွေကို သိပ်မသိကြ သေးတဲ့ ကျောင်းသား၊ ကျောင်းသူ ရင်သွေးငယ် တွေရော၊ ကိုယ့်ဝမ်းစာကို ကိုယ်တိုင် ပင်ပင်ပန်းပန်း ရှာဖွေနေရတဲ့ အလုပ်သမား ညီငယ်၊ ညီမငယ် တွေရော၊ မလွှဲမရှောင်သာ ပိတ်ရဆို့ရ၊ တားဆီးရမယ့် လုံခြုံရေး တပ်ဖွဲ့ဝင် တွေကိုရော ကြိုပြီး သတိပေး လိုက်ချင် ပါတယ်။ သူတို့ကတော့ နယ်ရုပ်တွေကို ထိုးကျွေးပြီး ပါဝါလမ်းဖွင့် မှာပဲ၊ အဲဒါကို သူတို့အခေါ် ကတော့ ''အာဇာနည် ဖန်တီးခြင်း'' လို့ခေါ်ပါတယ်။

ကျွန်ခေတ်က ကျောင်းသား သပိတ်မှာ ပုလိပ်အဖွဲ့က နံပါတ်တုတ် နဲ့ရိုက်ပြီး လူအုပ်ခွဲတော့ အရိုက်ခံရပြီး သေဆုံးသွားတဲ့ ကျောင်းသား ကိုအောင်ကျော် ကနေ ''အာဇာနည် ဗိုလ်အောင်ကျော်'' ဖြစ်သွား သလိုပါပဲ။ သူတို့ ကိုယ်တိုင်ကတော့ ရုတ်ရုတ်သဲသဲ ဖြစ်ပြီဆိုတာနဲ့ ကိုယ်ယောင် ဖျောက်ပြီး မြေလျှိုးကုန်ကြမှာ အသေအချာ ပါပဲ။ မယုံရင် ကျောင်းသား သပိတ် စစ်ကြောင်းရဲ့ ထိပ်ဆုံးမှာ အဲဒီ ခေါင်းဆောင်ဆိုတဲ့ လူတွေကို အလံကိုင်ပြီး တက်ခိုင်း ကြည့်ပါလား။ အဲဒါ သူတို့ရဲ့ ဖော်မြူလာ မဟုတ်ဘူးလေ။ အခုတောင်မှ အရေးကြီး ပုဂ္ဂိုလ် ဗွီအိုင်ပီ ခေါင်းဆောင်က လုံခြုံရေး စိတ်မချ လို့ဆိုပြီး ''လုံခြုံတဲ့နေရာ'' မှာ စောင်ခြုံပြီး လုံလုံခြုံခြုံ ပုန်းနေပြီ မဟုတ်လား။

ဒါကြောင့် နောက်ဆုံး ပြောချင်တာက တကယ်မသိ နားမလည်ဘဲ ဘေးက ပြောတာနဲ့တင် အယုံလွယ်ပြီး နိုင်ငံရေး ရွှေ့ကွက်ထဲမှာ နယ်ရုပ် အဖြစ်နဲ့ ခေါင်းထိုးမခံ ချင်ကြပါနဲ့ လို့ အပြစ်မဲ့တဲ့ လူငယ်တွေ၊ အလုပ်သမား တွေကို စေတနာနဲ့ သတိပေး လိုက်ချင် ပါတယ်။ အစိုးရ ဘက်က တာဝန်ရှိတဲ့ လူကြီးတွေ ကိုလည်း အပြစ်မရှိတဲ့ ကျောင်းသား ကလေးတွေ၊ အလုပ်သမား တွေကို မထိမခိုက် မိအောင် ဂရုစိုက်ပြီး ထိန်းပေးပါ။ အရေးယူ စရာရှိရင် ဘေးကနေ တွန်းဖို့ အကွက်ဆင် ပေးနေတဲ့ ကျောင်းသားအစစ် မဟုတ်တဲ့သူတွေ၊ အလုပ်သမား အစစ်မဟုတ်တဲ့ သူတွေကိုပဲ သေချာရွေးပြီး ကိုင်တွယ် အရေးယူပါ။ သဘောရိုးနဲ့ ကလေးတွေကို လိုက်ပြီး စောင့်ရှောက်ပေး တဲ့ အရပ်ထဲက သာမန်ပြည်သူ တွေကိုလည်း မထိခိုက် စေချင်ပါဘူး လို့ပဲ မေတ္တာရပ်ခံချင် ပါတယ်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...