Social Icons

Pages

Saturday, January 17, 2015

Skyscanner ၏ ယခုနှစ်အတွက် ကမ္ဘာတစ်လွှား ခရီးသွားချင်စရာ အကောင်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ထိပ်ဆုံးမှပါဝင်


ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လေ့လာရေး Skyscanner အဖွဲ့ကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၇-၁-၂၀၁၅

နှစ်စဉ် ခရီးသွားချင်စရာ အကောင်းဆုံး နေရာဒေသများ၊ နိုင်ငံများကို လေ့လာစိစစ် ဖော်ပြလေ့ ရှိသော ကမ္ဘာလုံးဆိုင်ရာ ခရီးသွား လေ့လာရေး အဖွဲ့ Skyscanner ၏ ယခုနှစ်တွင် ကမ္ဘာတစ်လွှားရှိ ခရီးသွား ချင်စရာ အကောင်းဆုံး ၁ဝ နိုင်ငံစာရင်း၌ မြန်မာနိုင်ငံ ထိပ်ဆုံးမှ ပါဝင်နေကြောင်း သိရသည်။

အဆိုပါ Skyscanner အဖွဲ့၏ ယခုနှစ်အတွက် ရွေးချယ် ဖော်ပြခဲ့သော ခရီးသွားချင်စရာ အကောင်းဆုံး ၁ဝ နိုင်ငံစာရင်းတွင် မြန်မာ၊ Mykonos (ဂရိ)၊ အိုက်စလန်၊ ဘရာဇီး၊ ပနားမား၊ New Caledonia (ပြင်သစ်)၊ ဆိုးလ် (တောင်ကိုရီးယား)၊ ကိုလံဘို (သီရိလင်္ကာ)၊ နီကရာဂွါ ၊ အိုကီနာဝါ (ဂျပန်) စသည်ဖြင့် အစဉ်အတိုင်း ဖော်ပြထားပြီး အဆိုပါ စာရင်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးချယ် အသိအမှတ်ပြု ဖော်ပြခံ ရသော နိုင်ငံများ ပါဝင် သကဲ့သို့ နိုင်ငံအတွင်းရှိ ဒေသတစ်ခု ကိုသာ သီးသန့် ရွေးချယ် ဖော်ပြခြင်း များလည်း ပါဝင်ကြောင်း သိရသည်။

ထိုကဲ့သို့ ကမ္ဘာတစ်လွှား ရှိ ခရီးသွားချင်စရာ အကောင်းဆုံး နိုင်ငံများ စာရင်းကို ဖော်ပြနိုင်ရန် အပြည်ပြည် ဆိုင်ရာ ခရီးသွား အေဂျင်စီများ ၏ အကူအညီဖြင့် ကမ္ဘာတစ်လွှား ရှိ ခရီးသွားချင် စဖွယ် ကောင်းသော နိုင်ငံများ၊ နေရာဒေသ များကို အကြိမ်ပေါင်း များစွာ စိစစ်ပြီးမှသာ ယခုကဲ့သို့ ကြေညာချက် မျိုးကို ထုတ်ပြန် လိုက်ခြင်း ဖြစ်ကြောင်း Skyscanner ၏ ကြေညာချက် ထဲတွင် ဖော်ပြ ထားသည်။

ထို့အပြင် အဆိုပါ အဖွဲ့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လေ့လာ သုံးသပ်ချက်တွင် မြန်မာနိုင်ငံ၌ လျှို့ဝှက် ဆန်းကြယ်သော နေရာများ၊ ရှေးဟောင်း အမွေအနှစ်များ၊ သဘာဝ ပတ်ဝန်းကျင် အမွေအနှစ်များ မပျက်မယွင်းဘဲ ကျန်ရှိ နေသေးသော နေရာဒေသ များနှင့် ကျေးလက်ဒေသ များရှိ စိတ်ဝင်စား ဖွယ်ရာ လူနေမှု ပတ်ဝန်းကျင် များကို မြင်တွေ့နိုင်သည့် အပြင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် ဘေးအန္တရာယ် ကင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း အသိအမှတ်ပြု ဖော်ပြ ထားကြောင်း သိရှိရသည်။ 

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...