သီလ၀ါ ဆိပ်ကမ်း
ရန်ကုန် ၊ ၁၆-၁-၂၀၁၅
၂ဝ၁၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံ များမှ ယာဉ်အစီးရေ ၁၄၈၂၉ဝ တင်သွင်းခဲ့ရာ ယခင်နှစ် များထက် ပိုမိုများပြား ခဲ့ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆိပ်ကမ်း များသို့ ကားတင်သင်္ဘော အစင်းရေ ၁၄၈ စင်း ဝင်ရောက်ခဲ့ပြီး သီလဝါ ဆိပ်ကမ်း၌ ဆိုက်ကပ်မှုမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
သီလဝါ ဆိပ်ကမ်းသည် ရန်ကုန်မြို့ရှိ အခြားသော ဆိပ်ကမ်းများထက် ပင်လယ်သို့ ပြန်လည် ထွက်ခွာရန် လွယ်ကူခြင်းကြောင့် ပင်လယ်ကူး သင်္ဘော အများစုသည် သီလဝါ ဆိပ်ကမ်း ၌သာ ဆိုက်ကပ်ကြခြင်း ဖြစ်ပြီး ရန်ကုန်မြစ် အတွင်းရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် စက်မှုဆိပ်ကမ်းများ၌ ဆိုက်ကပ်မှု မှာ နည်းပါးကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပမှ မော်တော်ကားများ တင်သွင်းမှုမှာ ယခင်နှစ်များထက် ပိုမို ဝင်ရောက် လာသော်လည်း ကုန်စည် တင်သွင်းမှု အားလုံးနှင့် နှိုင်းယှဉ်ပါက ၁ဝ ရာခိုင်နှုန်း ခန့်သာ ရှိကြောင်း သိရသည်။ လက်ရှိတွင် Free Permit ဖြင့် တင်သွင်းသည့် ၁၃၅ဝ စီစီ အင်ဂျင်ပါဝါ ကားများ၏ CIF တန်ဖိုးသည် ၂ဝ၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅ဝဝဝ သတ်မှတ်ထားပြီး ယခုနှစ် အတွင်း အကောက်ခွန် ဦးစီးဌာနမှ Custom Value သတ်မှတ်ချိန်တွင် အမေရိကန် ဒေါ်လာ ၁၁ဝဝဝ အထိ တိုးမြှင့် လိုက်ကြောင်း၊ ထို့ကြောင့် အရောင်းစင်တာ များမှလည်း Showroom Permit ဖြင့် တင်သွင်းပြီး ပေါက်ဈေးအရ တန်ဖိုးမြှင့် ရောင်းချခြင်းများ ဖြစ်လာ နိုင်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး၌ ကားတင်သွင်း မှုများ အပါအဝင် အခြားသော ကုန်စည်များ တင်သွင်း၊ တင်ပို့ ပြုလုပ်နိုင်သော အထူးသဖြင့် နိုင်ငံခြား ကုန်သေတ္တာတင် သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းပေါင်း ၂၇ ခုရှိကြောင်း သိရသည်။ ယင်း နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းများမှာ ယခင်နှစ်က အတွင်းဆိပ်ကမ်း ၁၈ ခုနှင့် အပြင်ဆိပ်ကမ်း ခြောက်ခု ရှိရာမှ ၂ဝ၁၄ ခုနှစ်တွင် အတွင်းဆိပ်ကမ်း ၁၉ ခုနှင့် အပြင်ဆိပ်ကမ်း ကိုးခု စုစုပေါင်း ဆိပ်ကမ်းသစ် လေးခု ထပ်မံ တည်ဆောက် ခဲ့ကြောင်း သိရသည်။
စိုးမိုး
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment