Social Icons

Pages

Monday, January 12, 2015

ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် အတွက် အရေးပါသော သစ်တော သစ်ပင် ပြုန်းတီးမှုကို ထိန်းသိမ်းရန်လို



မန္တလေး ၊ ၁၂-၁-၂၀၁၅

သစ်တော၊ သစ်ပင် ပြုန်းတီးမှုသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုကို တိုက်ရိုက် သက်ဆိုင်စေသော အဓိကကျသည့် အကြောင်းရင်း တစ်ရပ် ဖြစ်ကြောင်း ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင် လေ့လာသူများ က သုံးသပ် ပြောပြသည်။

သစ်တော၊ သစ်ပင်များသည် အပူချိန်ကို ထိန်းပေးခြင်း၊ စိုထိုင်းဆကို ထိန်းပေးခြင်း တို့ကို အခြေခံကျကျ ဆောင်ရွက်ကြောင်း၊ သစ်တောနှင့် လေထုသည် အနီးစပ်ဆုံး မိတ်ဆွေများ ဖြစ်ကြောင်း၊ သစ်တောများသည် ရာသီဥတုကို ပြောင်းလဲ စေနိုင်သော အနိမ့်ဆုံး အပူချိန် ဖြစ်ပေါ်ခြင်း ၊ အမြင့်ဆုံး အပူချိန် ဖြစ်ပေါ်ခြင်း တို့ကို ထိန်းသိမ်း ပေးလျက်ရှိကြောင်း ၊ သစ်တောရှိသော နေရာ များသည် ရာသီဥတု မျှတခြင်းကို လုပ်ဆောင် ပေးကြောင်း လေ့လာ သူများထံမှ သိရသည်။

မိုးရွာသွန်းမှု အခြေအနေ မှာလည်း သစ်တော၊ သစ်ပင်ရှိသော နေရာများနှင့် သစ်တော ပြုန်းတီးနေရာ (ပုံ) များမှာ လွန်စွာ ကွာခြားကြောင်း၊ သစ်တောရှိသော နေရာများသည် မိုးရွာသွန်းမှု များပြားကြောင်း၊ မိုးရွာသွန်းမှု များပြားသော နေရာများ တွင်လည်း သစ်တော၊ သစ်ပင်များ အဓိက ရှင်သန် ကြီးထွားကြောင်း၊ သစ်တော၊ သစ်ပင်နှင့် မိုးရွာသွန်းမှု အခြေအနေသည် အပြန်အလှန် အကျိုးပြုလျက် ရှိကြောင်း မိုးလေဝသနှင့် ရာသီဥတုကို သုတေသန ပြုလုပ် လေ့လာချက်များ အရ သိရှိရကြောင်း ၊မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန အထက် မြန်မာပြည် ဌာနခွဲ ညွှန်ကြားရေးမှူး ထံမှ သိရသည်။

သစ်တော၊ သစ်ပင် ပြုန်းတီးရ ခြင်း၏ အဓိက အကြောင်းရင်းမှာ သစ်ထုတ်ယူ သုံးစွဲမှု များပြားခြင်း၊ တရားမဝင် သစ်ထုတ်လုပ်ခြင်း ကို ထိန်းသိမ်းပေး နိုင်မှု နည်းပါးခြင်းတို့ မှာ အဓိက ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ၌ ကရင်ပြည်နယ် ၊ ကချင်ပြည်နယ် ၊ ပဲခူးရိုးမ ၊ ရှမ်းကုန်းပြင်မြင့် ၊ တနင်္သာရီတိုင်း ဒေသကြီး ၊ မွန်ပြည်နယ် တို့တွင် သစ်တော ၊ သစ်ပင်များ ရှင်သန်မှု များပြားကြောင်း သိရသည်။

ယခုနှစ်ပိုင်းတွင် ရာသီဥတု ပြောင်းလဲမှု ကြောင့် မိုးရွာသွန်းမှု နည်းသဖြင့် မြစ်ချောင်းများ ရေလျော့နည်း ကျဆင်းမှုသည် ယခင်နှစ် များထက် အချိန်စော၍ ဖြစ်ပေါ်ခဲ့ ကြောင်း ၊ ဧရာဝတီမြစ်ရေ ကျဆင်းမှု လျင်မြန်ခြင်း ကြောင့် မြစ်အတွင်း သောင်ထွန်းမှု များကို ရှင်းလင်းရန် အရေးပေါ် ဆောင်ရွက်မှု များပင် ဆောင်ရွက် ရကြောင်း ရေအရင်း အမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ပညာရှင်များ က ပြောပြသည်။

သစ်တော မရှိသည့် နေရာဒေသ များသည် မြေဆီလွှာ ပြုန်းတီးမှု ကိုလည်း ဖြစ်ပေါ် စေနိုင်ကြောင်း ၊ သစ်တော ၊ သစ်ပင် ပြုန်းတီးခြင်းကို အချိန်မီ ကာကွယ် ထိန်းသိမ်းမှု မပြုလုပ်နိုင် ပါက ရာသီဥတု ပြောင်းလဲမှု အကျိုးဆက်များ အပြင် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုများ ဖြစ်ပေါ်လာ နိုင်ခြင်းကြောင့် တောပြုန်းတီးမှု ထိန်းသိမ်းရန် အရေးကြီးကြောင်း လေ့လာသူ များက သုံးသပ် ပြောပြ၍ သိရသည်။ (၁၈ဝ)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...