Social Icons

Pages

Monday, January 12, 2015

တောင်သမန် တံတားပေါ်တွင် ညအချိန် ဖြတ်သန်းမည် ဆိုပါက မတော်တဆ ထိခိုက်မှုမဖြစ်ရေး ဂရုပြုသွားရန်လို



မန္တလေး ၊ ၁၂-၁-၂၀၁၅

အမရပူရ တောင်သမန်အင်း ရှိ သမိုင်းဝင် တောင်သမန် တံတားကို ညအချိန် ဖြတ်သန်းသွားလာ လမ်းလျှောက်မည် ဆိုပါက မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားစေရေး ဂရုပြု သွားလာရန် လိုအပ်ကြောင်း တံတား လုံခြုံရေး တာဝန် ထမ်းဆောင် သူများထံမှ သိရသည်။

တောင်သမန် တံတားသည် မန္တလေးမြို့၌ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ နေ့စဉ် အများအပြား လာရောက် အပန်းဖြေလျက် ရှိရာ အစဉ်အမြဲ လူစည်ကားသော နေရာတစ်ခု ဖြစ်သည်။ တောင်သမန်အင်း ကို အရှေ့ - အနောက် ဖြတ်သန်း တည်ဆောက် ထားသော တောင်သမန် တံတားသို့ လာရောက် လေ့လာကြသော ဧည့်သည်များ သည် အင်းအတွင်း သဘာဝအလှ ကြည့်ရှုခြင်း၊ ပန်းချီရေးခြင်း၊ တံတားပေါ်၌ လမ်းလျှောက်ခြင်း တို့ ပြုလုပ် ကြသည်။

တောင်သမန် တံတားသည် မည်သူမဆို အခမဲ့ ဝင်ကြေးမပါဘဲ သွားလာခွင့်ပြု ထားရာ နေ့ရောညပါ သွားလာ လမ်းလျှောက်သူများ နှင့် စည်ကားကြောင်း၊ နေ့အချိန် ဖြတ်သန်းပါက သင့်တော် ကောင်းမွန် သော်လည်း ညအချိန် အထူးသဖြင့် လမိုက်ည များတွင် ဖြတ်သန်းပါက တံတားကြမ်းခင်း အစွန်များတွင် အချို့နေရာ၌ ကြမ်းခင်းများ ကျိုးပဲ့နေသဖြင့် တံတားအောက်သို့ ပြုတ်ကျ သွားနိုင်ကြောင်း ၊ မတော်တဆ ထိခိုက်မှု များလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။

''ဒီတံတားကို အချိန်မရွေး သွားလာခွင့်ပြု ထားပါတယ်။ တံတားက လက်ရန်း မရှိပါဘူး။ ညအချိန်ဖြတ် ရင်တော့ သတိထား ရပါမယ်။ မီးအလင်းရောင်လဲ မရှိတော့ လမသာတဲ့ ညတွေမှာ ဆိုရင် သွားနေကျ မဟုတ်ရင် အောက်ကို ကျသွားနိုင် ပါတယ်။ လုံခြုံရေးအဖွဲ့ ကတော့ အမြဲတမ်း ရှိပါတယ်။ အထူးသဖြင့် အရက်သေစာ သောက်စားပြီး ညအချိန် လျှောက်ရင်တော့ အန္တရာယ်ရှိ ပါတယ်  .... '' ဟု တောင်သမန် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ 

တံတား လုံခြုံရေး အတွက် မြို့နယ်ရဲတပ်ဖွဲ့ မှ အရာရှိ အပါအဝင် ငါးဦး၊ တောင်သမန် ကျေးရွာနှင့် ဆည်တော်ဘို့ ကျေးရွာ အုပ်ချုပ်ရေး၊ အဖွဲ့မှ ၁ဝဦး ပေါင်း ၁၅ ဦးဖြင့် နေ့/ ည လုံခြုံရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(၁၈)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...