ဘိုကလေး ၊ ၁၃-၁-၂၀၁၅
ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ ဘိုကလေးမြစ်ကူး တံတားကြီး ကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်သောကြောင့် ပင်လယ်ကမ်းခြေ ဒေသများမှ ရန်ကုန်မြို့သို့ တိုက်ရိုက် ခရီးသည်တင် ကားများ စတင်ပြေးဆွဲ နေကြပြီး ဒေသတွင်း ကုန်စည် စီးဆင်းမှုနှင့် အတူ လမ်းပန်း ဆက်သွယ်မှုများ အထူး ကောင်းမွန် လာကြောင်း သိရသည်။
အဆိုပါ ဘိုကလေး မြစ်ကူးတံတား သည် ဘိုကလေး - ကြိမ်ချောင်း - ကဒုံကနိလမ်း၊ ဘိုကလေး - မော်လမြိုင်ကျွန်း - ကျုံမငေး - မြောင်းမြလမ်း နှင့် ဘိုကလေး - စက်ဆန်း - ထော်ပိုင် - အမာလမ်း စသည့် လမ်းသုံးလမ်း နှင့် ဆက်သွယ် ထားသည်။ အဆိုပါ တံတားကြီးကို ဘိုကလေးမြို့နှင့် ဘိုကလေးမြို့နယ် သာပေါင်းကျေးရွာ တို့သို့ ဆက်သွယ် တည်ဆောက် ထားခြင်းဖြစ်ပြီး တံတား၏ စုစုပေါင်း အရှည်မှာ ၄ဝဝ၅ ပေ ၃ လက်မ ရှိကြောင်း၊ တံတားအကျယ် ၂၈ ပေ၊ ရေလမ်း ကင်းလွတ်အမြင့် ၃၆ ပေ၊ ရေလမ်း ကင်းလွတ် အကျယ်ပေ ၃ဝဝ ရှိပြီး တံတား ခံနိုင်ဝန် မှာ ယာဉ်တစ်စီးချင်း ၇၅ တန် လူသွားလမ်း တစ်ဖက်လျှင် သုံးပေစီပါရှိ ကာ ပင်မတံတား အောက်ခံ အုတ်မြစ်မှာ ၁ ဒသမ ၅ မီတာ Bored Pile အမျိုးအစား၊ တံတားကိုယ်ထည် Steel Truss and RC Concrete ဖြစ်ပြီး ယခုအခါ တံတားတစ်စင်း လုံး၏ ပြီးစီးမှုသည် ရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ကာ ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်သည့် အတွက် မော်တော်ယာဉ် များလည်း ဖြတ်သန်း မောင်းနှင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် ရေလုပ်ငန်းများ ကို အဓိက လုပ်ကိုင်နေသည့် ဒေသတစ်ခု ဖြစ်သောကြောင့် ရေလုပ်ငန်း ဈေးကွက်နှင့် ဆက်နွှယ်နေသည့် ရန်ကုန်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ မြင်းခြံ၊ ရေစကြို၊ ပခုက္ကူ၊ မူဆယ်မြို့ တို့ရှိ ဈေးကွက်များသို့ ပင်လယ်ရေထွက် ကုန်ပစ္စည်းများကို အလေအလွင့် နည်းပါးစွာဖြင့် အချိန်တို အတွင်း ပို့ဆောင်ပေး နိုင်ပြီဖြစ်ရာ ရေထွက်ကုန် ပစ္စည်း ဈေးကွက် ပိုမိုတွင်ကျယ် စည်ကား လာတော့မည် ဖြစ်သည်။
မြစ်ဝကျွန်းပေါ် ဒေသများရှိ ကျေးရွာများမှ ကုန်စည်များ စီးဆင်းမှုသည် မြန်ဆန်လာမည် ဖြစ်ပြီး မြို့ပြဒေသများ နှင့် အထက်အညာ ဒေသများ သို့လည်း အချိန်တိုအတွင်း သွားလာနိုင်မည် ဖြစ်ကြောင်း ဘိုကလေးနယ် ဒေသခံ တစ်ဦးက ပြောပြ၍ သိရသည်။
စည်သူ
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment