Social Icons

Pages

Thursday, January 15, 2015

မီးဘေးအန္တရာယ် ကာကွယ်ရေး သတိပြုလိုက်နာ


မီးဘေးအန္တရာယ် ကာကွယ်ရေး သတိပြုလိုက်နာ

ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သောကြောင့် ယခုပုံမှန် တိုက်ခတ်နေသော မြောက်ပြန် လေအေးမှ ပူပြင်း ခြောက်သွေ့သော လေပွေ တိုက်ခတ်သည့် ကာလသို့ ရောက်ရှိ တော့မည် ဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံ၏ ရာသီကာလများ အတွင်း ကျရောက် တတ်သော သဘာဝ ဘေးအန္တရာယ် အမျိုးမျိုးအနက် ယခုကာလ သည် မီးဘေး အန္တရာယ် ကျရောက် တတ်သောကာလ ဖြစ်၍ အထူး သတိထား ကြရမည် ဖြစ်သည်။

နေ့စဉ်ထုတ် သတင်းစာ များတွင် မီးဘေး အန္တရာယ် အမျိုးမျိုး ကြုံတွေ့ နေရသည်ကို တွေ့မြင် နေရသည်။ မီးဟူသည် သုံးတတ်လျှင် အကျိုးဖြစ်၍ မသုံးတတ်လျှင် ဘေးဖြစ်စေသော အရာ ဖြစ်သည်။ လူဖျက်လျှင် အစုတ်ကျန် နိုင်သော်လည်း မီးဖျက်လျှင် အပြုတ်ကုန် နိုင်သောကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမည်ကို သတိမူ ရမည် ဖြစ်သည်။

သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ ဖြစ်တတ်သော မီးဘေး အန္တရာယ်ကို ယခု ကဲ့သို့သော ရာသီကာလတွင် ပြည်သူများ အားလုံး အထူးသတိထား ကြရမည် ဖြစ်သည်။ အရာရာတွင် မဖြစ်ခင်က ကြိုတင်ကာကွယ် တားဆီးခြင်းသည် အကောင်းဆုံး ဖြစ်သည်။ မီးလောင်တတ်သော နေရာများတွင် မီးဘေး ကာကွယ်ရေး ပစ္စည်းများကို ကြိုတင်ထားရှိ ရမည်ဖြစ်ပြီး မီးမလောင် နိုင်သော်လည်း မြို့ရွာ၊ အဆောက်အအုံ နေရာများတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ် ရေကန်များ ထားရှိရန် လိုအပ်သည်။ ထို့ပြင် မီးသတ်ဆေးဘူး များကို ဆောင်ထား ရာတွင် ဆီကြောင့် လောင်သောမီး၊ လျှပ်စစ်ကြောင့် လောင်သောမီး၊ ရိုးရိုး လောင်သောမီး ဟူ၍ ခွဲခြားကာ ဆေးဘူး အမျိုးမျိုး ထားရှိရမည်။ မီးသတ်ဆေးဘူး သုံးစွဲမှုကို သက်ဆိုင်ရာ ကျွမ်းကျင်သူ တို့၏ ကူညီ လမ်းပြမှုဖြင့် လိုက်နာ ဆောင်ရွက်ကြ ရမည် ဖြစ်သည်။

မီးဘေး ကြိုတင် ကာကွယ်ရေး အတွက် ကျေးလက်ဒေသ များတွင် ယခုကဲ့သို့ ပူပြင်း ခြောက်သွေ့သော ရာသီ၌ အလွယ်တကူ လောင်ကျွမ်း တတ်သော ကောက်ရိုးမီး၊ မြက်ခြောက်မီး တို့ကို အထူး သတိပြုကြရမည် ဖြစ်သည်။ ထို့ပြင် ဆေးလိပ် သောက်သုံးသူများ အနေဖြင့် မီးပါသော ဆေးလိပ်တို များကို အလွယ်တကူ မပစ်မိရန် သတိပြုကြ ရမည့်အပြင် မီးလောင်ကျွမ်း တတ်သော လောင်စာများ ကို ကြိုတင်ရှင်းလင်း ထားကြရမည် ဖြစ်သည်။

ထိုမျှသာမက ရွှေ့ပြောင်း နိုင်သော ပစ္စည်းများ၊ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများကို မည်သို့ ကိုင်တွယ် ဆောင်ရွက် ရမည်ကို ကြိုတင်ပြင်ဆင် စီမံ ထားသင့်သည်။ မီးငြှိမ်းသတ်ရေး နှင့် သက်ဆိုင်သော စက်ပစ္စည်းများကို ကြိုတင် စစ်ဆေးပြီး အသင့် အနေအထား ဖြစ်စေရန် ဆောင်ရွက် ထားသင့်သည်။

သို့ဖြစ်ရာ သက်ဆိုင်ရာများ အနေဖြင့် မီးဘေးအန္တရာယ် ကာကွယ်ရေး အတွက် ကြိုတင် အသိပညာ ပေးခြင်း၊ ကြည့်ရှု စောင့်ရှောက် ပေးခြင်း၊ မီးဘေး ကာကွယ်ရေး ဆိုင်ရာ ယာဉ်၊ စက်၊ လူနှင့် လိုအပ်သော ကိစ္စအဝဝ တို့ကို ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း စသည်ဖြင့် လုပ်ဆောင် ရမည် ဖြစ်သကဲ့သို့ ပြည်သူပြည်သား အပေါင်းတို့ကလည်း သတိပြု လိုက်နာကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...