အခွန်ထမ်းတို့၏ အလှူ
လူတိုင်း လူတိုင်းသည် မိမိတို့၏ စားဝတ်နေရေး အတွက် လှုပ်ရှားရုန်းကန် နေကြရသည်။ ထိုသို့ လှုပ်ရှားကြ ရာတွင် မိမိဝင်ငွေနှင့် အချိုးမျှစွာ သုံးစွဲတတ်ရန် လိုသည်။ မြတ်စွာ ဘုရားရှင်က မိမိရရှိသော ဝင်ငွေကို လေးပုံပုံပြီး တစ်ပုံကို စားသုံး၊ တစ်ပုံကို ရွှေအိုးမြှုပ်၊ တစ်ပုံကို ရင်းနှီးမြှုပ်နှံ၊ တစ်ပုံကို လှူဒါန်းပါ ဟူ၍ ဆုံးမခဲ့သည်။
ထို ဘုရားရှင်၏ ဆုံးမမှုသည် လူမှုဘဝ နယ်ပယ် အားလုံးမှ လူများလက်ခံ ကျင့်သုံးသင့်သည့် သုံးစွဲပုံ စနစ်ဟု ဆိုချင်သည်။ စားသုံးခြင်း၊ စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း နှင့် လှူဒါန်း ပေးကမ်း ခြင်း တို့သည် လူတိုင်း နေ့စဉ်ဘဝ၌ ရှိနေသောကြောင့် ဖြစ်သည်။
ဝင်ငွေ၏ တစ်ပုံမျှသော လှူဒါန်း ပေးကမ်းခြင်းကို ပြုကြရာတွင် မြန်မာလူမျိုးများ အနေဖြင့် ယခုဘဝ၊ နောင်တမလွန် ဘဝ ကောင်းကျိုးချမ်းသာ အတွက် လှူဒါန်းကြလေ့ ရှိသည်။ အများပြည်သူ အကျိုးအတွက် ဟူ၍ လှူဒါန်းခြင်း မျိုးကို အများအားဖြင့် မေ့လျော့ နေတတ် ကြသည်။
ထို မေ့လျော့နေသော လှူဒါန်းခြင်း တစ်ခုမှာ အခွန်ထမ်းခြင်း ဖြစ်သည်။ အခွန် ဆိုသည်မှာ နိုင်ငံတော်သို့ မိမိဝင်ငွေ အချိုးအလိုက် ထမ်းဆောင် ရသည့် ငွေကြေး ဖြစ်သည်။ ထို ငွေကြေးသည် နိုင်ငံအတွင်း ပြည်သူအားလုံး ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည်တို့နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အသုံးပြုခြင်း ဖြစ်၍ အများပြည်သူ တို့အတွက် လှူဒါန်းခြင်း ဟု ဆိုနိုင်သည်။
ပြည်သူတို့ အတွက် စားဝတ်နေရေး လိုအပ်ချက်၊ ဆက်သွယ် သွားလာမှု လိုအပ်ချက်၊ ကျန်းမာရေး လိုအပ်ချက်၊ လုံခြုံရေး လိုအပ်ချက် အစရှိသည့် လိုအပ်ချက် ပေါင်းများစွာကို လွှမ်းခြုံ ဖြည့်ဆည်း ပေးနိုင်ရန်မှာ နိုင်ငံတော်၌ လုံလောက်သော ငွေကြေးရှိရန် လိုသည်။
ထိုငွေကြေးကို အခွန်ထမ်း ပြည်သူတို့က အပြည့်အဝ ထည့်ဝင်ခြင်းဖြင့် ပြည်သူတို့ လိုအပ်ချက် ကို ဖြည့်ဆည်း နိုင်မည်ဖြစ်ရာ မွန်မြတ်သော အလှူတစ်ခု ဖြစ်သည်ဟု ဆိုရခြင်း ဖြစ်သည်။ ထိုသို့ အများအကျိုး ဆောင်ရွက်မည့် လုပ်ငန်းကို ဆောင်ရွက်ရာ၌ ဖြစ်ပေါ် လာသည့် ကုန်ကျစရိတ် များကို ငွေကြေး တတ်နိုင်သူ အခွန်ထမ်း တို့က ကျခံသည့် အတွက် အခွန်ထမ်း တို့၏ တာဝန်ကျေမှု သည် အရေးပါ လှသည်။ ထိုသို့ အခွန်ထမ်း ရာတွင် ဖြူစင်သော အခွန်ထမ်းမျိုး ဖြစ်စေရန် အတွက် မိမိ ကျသင့်သော အခွန်ကို တာဝန်ကျေစွာ ထမ်းဆောင်ခြင်း လှူဒါန်းမှု တစ်ခုဟု မှတ်ယူကြည်နူး ကြရန် လိုသည်။
သို့မှသာ အများအကျိုး အတွက် ထည့်ဝင် ပေးသော ငွေကြေးကို မွန်မြတ်သော တာဝန်တစ်ခု ကျေပွန်စွာ ထမ်းဆောင်ခြင်း၊ မွန်မြတ်သော အလှူတစ်ခု ပြုလုပ်ခြင်း ဟူ၍ မိမိတိျု့သင့်ရာ အခွန်ငွေကို ပေးဆောင်ခြင်းဖြင့် တိုင်းပြည်အကျိုး၊ မိမိအကျိုး ဖွံ့ဖြိုးတိုးတက် စေမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily
#ရတနာပုံနေ့စဉ်
No comments:
Post a Comment