Social Icons

Pages

Saturday, January 17, 2015

ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးတွင် ငါးဖမ်းသည်ကို နှစ်ကြိမ် တွေ့ရှိပါက ငါးဖမ်းလှေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်



ရန်ကုန် ၊ ၁၇-၁-၂၀၁၅

မြန်မာ့ ပင်လယ်ပြင် ကမ်းဝေး ငါးဖမ်းလှေများ အနေဖြင့် ကမ်းနီးတွင် ငါးဖမ်းဆီး သည်ကို နှစ်ကြိမ် တွေ့ရှိ ဖမ်းမိပါက အဆိုပါ ငါးဖမ်းလှေ ကို ပြည်သူ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းလျက် ရှိကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ငါးဖမ်းလှေများ ပင်လယ် ကမ်းနီး ငါးဖမ်း ဧရိယာများ အတွင်းသို့ တရားမဝင် ကျူးကျော် ဝင်ရောက် ပိုက်ဆွဲခြင်း၊ တရွတ်ဆွဲ ပိုက်ဖြင့် ငါးဖမ်းခြင်းများ အပါအဝင် ရေ သယံဇာတ ပျက်စီးမှု ဆိုင်ရာ ပြဿနာ များကို ဥပဒေနှင့် အညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း၊ ကမ်းဝေး လှေများ ကမ်းနီးတွင် ငါးဖမ်းသည် ကို တွေ့ရှိပါက ယခင်က စည်းကမ်းပျက် ဒဏ်အဖြစ် ငွေဒဏ် ငွေကျပ်သိန်း ၂ဝ နှင့် ငါးဖမ်းဆီးခွင့် သုံးလ ပိတ်သိမ်းကာ အရေးယူ ခဲ့သော်လည်း လက်ရှိတွင် ငွေဒဏ် ငွေကျပ်သိန်း ၃ဝ နှင့် ငါးဖမ်းဆီးခွင့် တစ်နှစ် ပိတ်သိမ်းခြင်း ဖြင့် အရေးယူလျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့အရေးယူခြင်း များတွင် နှစ်ကြိမ် တိုင်တိုင် အရေးယူခြင်း ခံရသော ငါးဖမ်းလှေ များကို ယခုအခါ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသည် အထိ တိုးမြှင့် အရေးယူ လျက်ရှိကြောင်း သိရသည်။ တနင်္သာရီတိုင်း ဒေသကြီး အတွင်း ကမ်းဝေး ငါးဖမ်းလှေ များသည် ကမ်းနီးတွင် ငါးဖမ်းဆီး မှုများ ယခင်ကထက် များပြား နေသဖြင့် ရေသယံဇာတ များ ပိုမို ဆုံးရှုံးနိုင်ဖွယ် ရှိသောကြောင့် အရေးယူ မှုများ တိုးမြှင့် လိုက်ခြင်း ဖြစ်သည်။ 

ကမ်းဝေးငါးဖမ်း လှေများသည် သတ်မှတ် ငါးဖမ်း နေရာများ အတွင်း ငါးရရှိမှု နည်းလာ ခြင်းကြောင့် ယခုကဲ့သို့ တရားမဝင် ဖမ်းဆီးမှုများ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် ကမ်းနီး ငါးဖမ်းလှေ အမျိုးအစားများ ဖြစ်သည့် ဝါးလတ် များသည် နေ့ပိုင်းများ၌ ကမ်းခြေများ အထိ ဝင်ရောက် ငါးဖမ်းဆီးမှုများ ရှိနေကြောင်း သိရသည်။ ယခုကဲ့သို့ ဖမ်းဆီး အရေးယူမှုများ ကြပ်မတ် လာခြင်းကြောင့် ကမ်းဝေးငါးဖမ်းလှေများ ကမ်းအနီး ငါးဖမ်းဆီးမှုများ နည်းသွားကြောင်း သိရသည်။ တနင်္သာရီတိုင်း ဒေသကြီးတွင် ကမ်းဝေး ငါးဖမ်းလှေ ၁၂၇၉ စင်းရှိပြီး ကမ်းနီး  ငါးဖမ်းလှေ ၁၁၆၈၁ စင်းရှိကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...