Social Icons

Pages

Saturday, January 10, 2015

ရင်ထဲကအကယ်ဒမီ


ရင်ထဲကအကယ်ဒမီ

သက်ထွဋ်မောင်(အနုပညာ)

၂၀၁၃ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကြီးကို ဒီဇင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ရှင်စောပုလမ်း ရှိ MEP ( Myanmar Event Park) မှာ ထူးထူးခြားခြား ကျင်းပပြီးစီး သွားခဲ့ပြီ ဖြစ်ပါသည်။ ထူးချွန် ဆုပေးပွဲ အခမ်းအနားကို နိုင်ငံတော် နှင့် ပြန်ကြားရေး ၀န်ကြီးဌာန တို့မှ ဦးစီး ဆောင်ရွက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ရုပ်ရှင် အစည်းအရုံးမှ ပထမဆုံး တာဝန်ယူ စီစဉ် ကျင်းပသော ပွဲဖြစ်သည့် အတွက် အကယ်ဒမီ ပေးပွဲ မစမီကပင် အားလုံး၏ စိတ်ဝင်စား မှုကို ခံခဲ့ရ ပါသည်။ ထို့ပြင် အတတ်ပညာ၊ အနုပညာ နယ်ပယ် အလိုက် ဆုများ ရွေးချယ် ရာတွင်လည်း အစိုးရနှင့် ၀န်ကြီးဌာန များ၏ ပါဝင် စွက်ဖက်မှု မပါဘဲ သက်ဆိုင်ရာ ရုပ်ရှင် အစည်းအရုံး နှင့် အနုပညာ နယ်ပယ်သား များ သက်သက်မှသာ အကဲဖြတ် ရွေးချယ်ခြင်း ကြောင့် ပရိသတ်ကို မည်မျှ စိတ်ကျေနပ်မှု ပေးနိုင်မည် ဆိုတာ ကိုလည်း စိတ်ဝင်စား နေကြသလို ကျင်းပမည့် အခမ်းအနား အပြင်အဆင် အခင်းအကျင်း ကိုလည်း အတွေ့ကြုံရှိ ပြည်ပ ကုမ္ပဏီ တစ်ခုအား ငှားရမ်း ဆောင်ရွက် စေခြင်း တို့ကြောင့် ယခုနှစ် အကယ်ဒမီ ပေးပွဲ မစမီကပင် ပရိသတ်၏ စိတ်ဝင်တစား စောင့်ကြည့်ခြင်း ကို ခံခဲ့ရ ပါသည်။ အနုပညာ လောကသားချင်း ပြန်လည် စိစစ် ရွေးချယ်ခြင်း ဖြစ်သောကြောင့် ဖန်တီးနိုင်စွမ်း၊ နည်းပညာ၊ အနုပညာ ပြောင်မြောက်မှု တို့ထက် တစ်ဦးနှင့် တစ်ဦး ဆက်ဆံရေး အပေါ် အခြေခံ၍ ဆုံးဖြတ်မှုမျိုး ဖြစ်မည်ကိုလည်း စိုးရိမ်ပူပန် ခဲ့ကြ ပါသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ၏ သမိုင်းကြောင်း ကို ပြန်လည်၍ လေ့လာ ကြည့်ပါလျှင် မြန်မာ့ရုပ်ရှင် ကို ၁၉၂၀ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ရန်ကုန်မြို့၊ ရွိုင်ရယ် စီးနီးမား ဒီပဲရစ် ၌ မေတ္တာနှင့် သူရာ ဇာတ်ကားမှ စတင် ဖွင့်လှစ်ခဲ့ ပါသည်။ ထို့နောက် မြန်မာ့ရုပ်ရှင် ဇာတ်ကားများ အဆင့်အတန်း မြင့်မား လာစေရန် မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ် အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ 

ယင်းနှစ်မှာပင် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု များကို သုံးမျိုးသုံးစား ခွဲကာ ပထမဆု ကိုရွှေကိန္ဒရီရုပ်၊ ဒုတိယငွေဒေါင်းရုပ်နှင့် တတိယဆုကိုကြေးခြေင်္သေ့ရုပ်များနှင့် သရုပ်ဆောင် များအားေ ရွှရင်ထိုးများ ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။ 

၁၉၅၂ ခုနှစ်က ဇာတ်ကား ပထမဆုကို ချစ်သက်ဝေ၊ ဒုတိယဆု ကိုမယားနှင့် လူပျို၊ တတိယဆု ကို ချစ်၍ခေါ်ရာ ဇာတ်ကားများ ရရှိခဲ့ပြီး အမျိုးသား ပညာသည်ဆု ကို မလာရီ ဇာတ်ကားမှ ကျော်ဝင်း၊ အမျိုးသမီး ပညာသည် ဆုကို ချစ်သက်ဝေ မှ ကြည်ကြည်ဌေး တို့ရရှိခဲ့ ပါသည်။ ဤသို့ဖြင့် မြန်မာ့ရုပ်ရှင် ခေတ် အဆက်ဆက် အသံတိတ် ခေတ်မှသည် ဖလင်ခေတ် နောက်ဆုံး ဒစ်ဂျစ်တယ် နည်းပညာခေတ် အထိ အဆင့်ဆင့် ပြောင်းလဲ လာခဲ့ပါသည်။ ထို့အတူ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု သည်လည်းဆု ၃ ဆုမှ ယခုခေတ်တွင် ၁၁ ဆုအထိ ပြောင်းလဲ ချီးမြှင့် လာခဲ့ပါသည်။ နောက်ပိုင်းတွင် အကယ်ဒမီ အထိမ်းအမှတ် အဖြစ် ယခင် ပေးအပ်သော ရုပ်တုများ အစား ရွှေအလေးချိန် ၂ ကျပ်သားရှိ ရွှေကြယ် ပါဝင်သော ရွှေစင်ရုပ်တုအား ပြောင်းလဲ ပေးအပ်ခဲ့ ပါသည်။ အကယ်ဒမီ ပေးပွဲများကို မကျင်းပ နိုင်သော နှစ်များမှ လွဲ၍ နှစ်စဉ် ရန်ကုန်မြို့ ရုပ်ရှင် အစည်းရုံး အဆောက်အဦ၊ အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ အားကစားရုံ၊ နေပြည်တော် မြို့တော်ခန်းမ တို့တွင် ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် MEP ၌ ကျင်းပ ပြုလုပ်ခဲ့ ပါသည်။ ယခင်နှစ် များတွင် နိုင်ငံတော် ၀န်ကြီးချုပ်၊ ၀န်ကြီးများ အစရှိသော နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်များ တက်ရောက် ချီးမြှင့်ခဲ့ကြပြီး ယခုနှစ်တွင် ဒုတိယ သမ္မတ ကိုယ်တိုင် တက်ရောက် အသိမှတ်ပြု ခဲ့သော အခမ်းအနား တစ်ခုလည်း ဖြစ်ပါသည်။

ယခင်နှစ် များက အကယ်ဒမီဆုအား စိစစ် ရွေးချယ်ရာတွင် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ မြန်မာ့ရုပ်ရှင် အစည်းအရုံး၊ သက်ဆိုင်ရာ အတတ်ပညာရှင်၊ အနုပညာရှင် နယ်ပယ် အသီးသီးမှ ကျွမ်းကျင် ပုဂ္ဂိုလ်များ၊ သဘာရင့် ၀ါရင့် ပညာရှင်ကြီး များနှင့် ဆန်ကာတင် စိစစ်၍ အဆင့်ဆင့် အကဲဖြတ် ရွေးချယ်ခဲ့ကြ ပါသည်။ ထို့ကြောင့် ထိုခေတ် ထိုအခါများက အကယ်ဒမီ သည် အနုပညာရှင် တို့၏ ပညာစွမ်းကို မှတ်ကျောက် တင်သော အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ် အထူးပင် ဂုဏ်သတင်း ကျော်ဇောခဲ့ ပါသည်။ မျှတသော ရွေးချယ်မှု၊ ဘက်မလိုက်သော ဆုံးဖြတ်မှု၊ မှန်ကန်သော ပေါင်းစပ်မှု တို့ကြောင့် အကယ်ဒမီ ရွေးချယ် အဖွဲ့အစည်း သည်လည်း ဝေဖန်ခံရမှု အနည်းဆုံးဖြင့် ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်ခဲ့ကြ ရပါသည်။

၂၀၁၃ ခုနှစ် အကယ်ဒမီဆု ရွေးချယ်ရာတွင် ယခင်နှစ် များနှင့်မတူဘဲ သက်ဆိုင်ရာ အနုပညာ နယ်ပယ် အသီးသီးမှ ပညာရှင်များ ဖြင့်သာရွေးချယ်ခဲ့ ပါသည်။ အကောင်းဆုံး ဇာတ်ကားများ၊  သရုပ်ဆောင်များ ဆုရွေးချယ်မှု အပေါ် ဝေဖန်မှု များစွာ ပေါ်ထွက် လာခဲ့ပါသည်။ အခမ်းအနား အပြင်အဆင်၊ အခမ်းအနား ကျင်းပပုံ၊ ဖျော်ဖြေမှု၊ အစီအစဉ် တင်ဆက်သူ နှစ်ဦး၏ အမှားများ၊  ပရိသတ် မပါဘဲ အနုပညာရှင် များသာ တက်ရောက်ရခြင်း၊ မီဒီယာများ သတင်းရယူမှု အခက်အခဲ ရှိခြင်း၊ ပရိသတ် မျှော်လင့် ထားသော သရုပ်ဆောင်၊ ဇာတ်ကားတို့ မရရှိခြင်း၊ ဆုရရှိသူ အချို့၏ အမြီးအမောက် မတည့်သော ကျေးဇူးတင် စကား စသည့် အလွဲလွဲ အချော်ချော် အမျိုးမျိုး တို့ကြောင့် ယခုနှစ် အကယ်ဒမီ ပေးပွဲမှာ တက်ရောက် လာသော မင်းပရိသတ် နှင့် ရုပ်မြင်သံကြားမှ ကြည့်ရှုနေသော ပရိသတ် ပြည်သူတို့အား မလေးမစား၊ ကိုယ့်အထုပ် ကိုယ်ဖြည်ပြ လိုက်သောဗရုတ်သုတ်ခပွဲ ပမာ ဖြစ်ခဲ့ရ ပါသည်။

၂၀၁၃ ခုနှစ် အတွက် အကယ်ဒမီ ဆန်ကာတင် စာရင်းဝင် ၁၅ ကားအနက်မှ ဇာတ်ကား ၆ ကား အကယ်ဒမီ တန်းဝင်ခဲ့ ပါသည်။ ၎င်းတို့မှာ စေတန်၏ ကချေသည်၊ နင်စေရင်၊ အဖြူရောင် ရဲတိုက်၊ စုန်းပြူး၊  ကိုယ့်အထာ နှင့်ကိုယ်၊ ကြယ်စင်မော်ကွန်း တို့ ဖြစ်ပါသည်။ ထို အကယ်ဒမီ တန်းဝင် ဇာတ်ကားများ အနက်မှ ကြယ်စင်မော်ကွန်း တစ်ကားသာ အကောင်းဆုံး ဇာတ်ကားဆု ရရှိနိုင် သည်ဟု ပရိသတ်များ က သတ်မှတ် တစ်ပေးခြင်း ခံထားရသော ဇာတ်ကား ဖြစ်ပါသည်။ မြန်မာ့ လွတ်လပ်ရေး နှင့် မြန်မာ့ တပ်မတော်အား သမိုင်းကြောင်း နှင့်ယှဉ်၍ ခေတ်သုံးခေတ် အကြောင်းကို ပြောင်မြောက် စွာဖြင့် သဘာဝကျကျ ရိုက်ကူး ထားသော ဇာတ်ကား တစ်ကားလည်း ဖြစ်ပါသည်။ သူ့ကျွန် မခံချင် စိတ်ကြောင့် ပေါ်ပေါက် လာခဲ့သော ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော မြန်မာ့ လွတ်လပ်ရေး တပ်မတော် BIA ခေတ်မှသည် ယခုခေတ်အခါထိ တပ်မတော်၏ မြန်မာ့သမိုင်း အစိတ်အပိုင်း အသီးသီးတွင် အသက်ေ သွးချွေး တို့စတေးကာ ကိုယ်ကျိုးမဖက်ဘဲ ပါဝင်လာခဲ့ပုံ တို့ကို ဒါရိုက်တာ ပန်းချီစိုးမိုးမှ ပီပြင်စွာဖြင့် သမိုင်းကို ပုံဖော် ရိုက်ကူးထားသော ဇာတ်ကား ကောင်းလည်း ဖြစ်ပါသည်။ ဖျောက်ဖျက် မေ့ထား၍ မရသော သမိုင်းကို တိကျသော အချက်အလက် တို့ဖြင့် စုစည်း၍ အချိန်ယူ ရိုက်ကူးခဲ့ ရသောဇာတ်ကားလည်း ဖြစ်သည် ဟုလည်း သိရှိရ ပါသည်။ 

သရုပ်ဆောင် များစွာဖြင့် အပင်ပန်းခံကာ တပ်မတော်၏ သမိုင်းမှန်ကို ပရိသတ် သိစေလိုသော ဆန္ဒဖြင့် ငွေကုန် ပင်ပန်းကြီးစွာ ဒါရိုက်တာမှ ပုံဖော်ထုဆစ် ခဲ့ပါသည်။ ပင်ပန်းရကျိုး နပ်သည်ဟု လည်း ဆိုနိုင်ပါသည်။ ဒါရိုက်တာ ပေးလိုသော Message သည် ပရိတ်သတ်၏ ရင်ထဲသို့ တည့်မှန်စွာ ရောက်ရှိသွား ခဲ့ပါသည်။ မသိလျှင် မဖြစ်သော သမိုင်းမှန်နှင့် တပ်မတော် သားတို့၏ စွန့်လွှတ် အနစ်နာခံမှု ၊ ပြည်သူကြားမှ ပေါက်ဖွား  လာခဲ့သော တပ်မတော် စသည်တို့မှာ ပရိသတ်၏ စိတ်အာရုံကို ကြယ်စင်မော်ကွန်း က ဖမ်းစား နိုင်ခဲ့ပါသည်။ အကောင်းဆုံး ဇာတ်ကားဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ရုပ်ရှင် တေးဂီတဆု၊ ဇာတ်ညွှန်းဆု စသည်များ ရရှိလိမ့်မည် ဟု ပရိတ်သတ်မှ အားပေး အသိမှတ်ပြုသည် အထိ အောင်မြင်ခဲ့ ပါသည်။ 

အမှန်တကယ် အကယ်ဒမီဆု ကြေညာသော အခါ ရုပ်ရှင်တေးဂီတ ဆုတစ်ခုတည်း နှင့်သာ ပရိသတ် ကျေနပ်ခဲ့ ရပါသည်။ အကောင်းဆုံး ဇာတ်ကားဆု၊ ဒါရိုက်တာဆု များ ရရှိနိုင်သော်လည်း အများက ပြောနေ ကြသည့် ပေါ်လစီ ဇာတ်ကားဖြစ်၍ အကယ်ဒမီနှင့် လွဲခဲ့ရခြင်းသည် နိုင်ငံတော် တိုးတက်ရေး အတွက် အမြင်မကျယ်ခြင်း အတွေးတိမ်ခြင်း တို့ဖြစ်သည်ဟု သုံးသပ်ရပါသည်။ 

ရုပ်ရှင်သည် ပြည်သူ့အတွက် ဆိုသည့်အတိုင်း တိုင်းတစ်ပါး လက်အောက်ခံ ကျွန်ဘ၀ ၁၉၂၀ မှ စတင်၍ နယ်ချဲ့ ဆန့်ကျင်ရေး၊ နိုင်ငံ လွတ်မြောက်ရေး နှင့် ဖက်ဆစ် တော်လှန်ရေး စသည့် မြန်မာ့ သမိုင်းစဉ် များတွင် အမျိုးသား လှုပ်ရှားမှုများ အဖြစ် ပြည်သူနှင့် အတူ မြန်မာ့ရုပ်ရှင်သ ည် အုတ်တစ်ချပ် သဲတစ်ပွင့် ပမာ မိမိတို့ တတ်ကျွမ်းရာ ရုပ်ရှင်ပညာဖြင့် တစ်ထောင့် တစ်နေရာမှ ပြည်သူ့အကျိုး ထမ်းဆောင် ခဲ့ကြသည် ဆိုသော မြန်မာ့ရုပ်ရှင် သမိုင်းကို ၂၀၁၃ အကယ်ဒမီ ပေးပွဲဖြင့် ရိုင်းစေခဲ့ ပါသည်။ တစ်ဖက်သတ်ဆန် မုန်းတီးမှု၊ အနုပညာ ခံစားချက် တို့ကို နိုင်ငံရေးနှင့် ရောယှက်၍ ထမင်းရှင် ပရိသတ်ဆန္ဒကို စော်ကား မျက်ကွယ်ပြု ခဲ့ကြ ပါသည်။

အမှန်တိုင်း ဆိုရပါက မည်သို့သော အကြောင်းပြချက် တွေဖြင့် တစ်ဖက်သတ် စွပ်စွဲစေကာမူ ပရိသတ် ပြည်သူရင်ထဲ စွဲထင်ကျန် စေသော ကြယ်စင်မော်ကွန်း ဇာတ်ကားကြီးမှာ အကယ်ဒမီဆု နှင့် လွဲချော်ခဲ့ရ သော်လည်း ပရိသတ် ပေးသော " ရင်ထဲကအကယ်ဒမီ " ဆု နှင့် မှတ်ကျောက်တင် ကျန်ရှိမှာ ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...