Social Icons

Pages

Monday, December 22, 2014

အိမ်နီးချင်းတို့ ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေး လက်တွဲဖော်ဆောင်


အိမ်နီးချင်းတို့ ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေး လက်တွဲဖော်ဆောင်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သည် တိုင်းရင်းသား ပြည်သူအပေါင်း လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ခွင့်ပြုထားပြီး ဖြစ်သည်။ နိုင်ငံတော်အတွင်း နေထိုင်ကြသော တိုင်းရင်းသား ပြည်သူအပေါင်း တို့ကလည်း မိမိယုံကြည်ရာ ဘာသာတရား ကိုးကွယ်နေကြရာ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေး အဖွဲ့ ( Interfaith Friendship ) များဖွဲ့စည်း၍ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လျက် ရှိသည်။

(၆၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ဖွင့်ပွဲ အခမ်းအနားကို လွန်ခဲ့သော ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတော် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ အရှင်သူမြတ် က သာရဏီရ သြဝါဒကထာ မြွက်ကြားခဲ့သည်။

အရှင်သူမြတ် က မြွက်ကြားသည်မှာ သုံးလောက ထွတ်ထား သဗ္ဗညု ဘုရားရှင်သည် ဘုရား ဖြစ်တော်မူပြီး ပဉ္စမ သတ္တာဟ တွင် အစုပါလ ညောင်ပင်၌ သီတင်းသုံး နေထိုင်တော်မူစဉ် မာရ်နတ်သား လာရောက်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုရန် လာရောက် လျှောက်ထားသည်ကို မြတ်စွာဘုရား က ပြန်လည် မိန့်ကြားသော စကားတို့ကို ဒီဃနိကာယ်  နှင့် သံယုတ္တနိကာယ် တို့မှ ထုတ်နုတ်ပြ သွားသည်။

ဂေါတမ မြတ်စွာဘုရား က မိန့်ကြားသည်မှာ ငါဘုရား၏ တပည့်များ ဖြစ်ကြသော ဘိက္ခု ပရိသတ်၊ ဘိက္ခုနီ ပရိသတ်၊ ဥပါသကာ ပရိသတ်၊ ဥပါသိကာ ပရိသတ် တို့သည် တတ်သိလိမ္မာမှု မရှိကြသေး သမျှ၊ ကောင်းစွာ ဆုံးမအပ်ပြီး သူများ မဖြစ်ကြသေး သမျှ၊ ရဲရင့်သူများ မဖြစ်ကြ သေးသမျှ၊ များစွာ ကြားနာအပ် ပြီးသော သုံးပုံပိဋကတ် ပရိယတ္တိနှင့် ပြည့်စုံသော ဗဟုသုတ ပုဂ္ဂိုလ်များ မဖြစ်ကြ သေးသမျှ၊ သုံးပုံပိဋကတ် တရားမြတ်ကို အာဂုံမဆောင် နိုင်ကြ သေးသမျှ၊ အရိယာမဂ် တရား အားလျော်သော ဝိပဿနာ အကျင့်ကို မကျင့်နိုင်ကြ သေးသမျှ၊ တရားနှင့် လျော်စွာ ကျင့်လေ့ရှိသူများ မဖြစ်ကြ သေးသမျှ၊ မိမိ၏ဆရာ မြတ်စွာဘုရား၏ ဝါဒကို သင်ယူ၍ မပြော၊ မဟော၊ မပြသ နိုင်ကြ သေးသမျှ၊ မတည်တံ့နိုင် သေးသမျှ၊ မဖွင့်ဆိုနိုင် သေးသမျှ၊ မဝေဖန်နိုင် သေးသမျှ၊ မပေါ်လွင် နိုင်ကြ သေးသမျှ၊ ဖြစ်ပေါ်လာသော သူတစ်ပါးတို့၏ အယူဝါဒကို အကြောင်းမှန်ဖြင့် ကောင်းစွာ နှိမ်နင်း၍ အံ့ဖွယ်ရှိ သောတရားကို မဟောပြော နိုင်ကြသေးသမျှ ကာလပတ်လုံး ငါဘုရား ပရိနိဗ္ဗာန် ပြုတော်မူမည် မဟုတ်သေးဟု မိန့်တော်မူ ခဲ့သည်။

နိုင်ငံတော် သံဃနာယက အဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က ဤ ဒေသနာတော်အရ ဘုရားရှင်သည် ပရိသတ် လေးပါးတို့ အပေါ်၌ မဟာကရုဏာ ဉာဏ်တော် ကြီးမားသော ဆန္ဒတော်များ ထားရှိ တော်မူကြောင်း သိမြင်နိုင်ပါ သည်ဟု မြွက်ကြားခဲ့သည်။

ဗုဒ္ဓဘာသာ ကိုးကွယ်မှု တူညီသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံနှင့် အိန္ဒိယ သမ္မတ နိုင်ငံတို့သည် သုံးနိုင်ငံ ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ရေး မူ (၅) ရပ်ကို ၁၉၅၄ ခုနှစ်က လက်မှတ်ရေးထိုး ခဲ့ကြရာ ယခုအခါနှစ် ၆ဝ ပြည့် အထိမ်းအမှတ် အဖြစ် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ နန်းမြင့်ဟိုတယ် ကျန်စစ်သား ခန်းမ၌ ဒီဇင်ဘာ ၁၇ ရက်တွင် စာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။ စာတမ်းဖတ်ပွဲ ကျင်းပသည့် ရည်ရွယ်ချက်မှာ အနာဂတ် ကာလ၌ ဗုဒ္ဓတရားတော်များ တိုးတက် ဖွံ့ဖြိုးရေးနှင့် လူသားများ၏ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး တို့အတွက် မှန်သော အတွေးအခေါ် ပြုစု ပျိုးထောင်ရေး အတွက် သုံးနိုင်ငံ တူညီသည့် ဦးတည်ချက်ဖြင့် ကျင်းပခဲ့ရာ မြန်မာ၊ တရုတ် နှင့် အိန္ဒိယနိုင်ငံ တို့မှ ရဟန်းတော်များ၊ လူပုဂ္ဂိုလ် ပညာရှင်များ စုစုပေါင်း ၁၅ဝ ကျော် တက်ရောက် ဆွေးနွေးခဲ့ ကြသည်။

ဤဆွေးနွေးပွဲမှ တစ်ဆင့် ဂေါတမ မြတ်စွာဘုရား ၏ အဆုံး အမတော်ကို ခံယူကျင့်သုံးလျက် ရှိသော မြန်မာ၊ တရုတ် နှင့် အိန္ဒိယဟူသော အိမ်နီးချင်း သုံးနိုင်ငံ ပြည်သူတို့သည် တရားနှင့် လျော်စွာ ကျင့်ကြသူများ အဖြစ်ထာဝရ ငြိမ်းချမ်းရေး နှင့် ညီညွတ်ရေး တို့ကို လက်တွဲ ဖော်ဆောင် နိုင်ကြပါစေကြောင်း မြဝတီ က ကောင်းမြတ်သော စေတနာဖြင့် တိုက်တွန်း နှိုးဆော်လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...