Social Icons

Pages

Tuesday, December 30, 2014

ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ကိုးသိန်းကျော် တင်ပို့ထား


ရန်ကုန် ၊ ၃၀-၁၂-၂၀၁၄

မြန်မာနိုင်ငံမှ ဆန်တင်ပို့လျက် ရှိသော နိုင်ငံပေါင်း ၅၈ နိုင်ငံအနက် တရုတ်နိုင်ငံသို့ ဆန်တန်ချိန် အများဆုံး တင်ပို့လျက် ရှိပြီး နယ်စပ် ကုန်သွယ်ရေးမှ ဆန်တန်ချိန် ခုနစ်သိန်းကျော် တင်ပို့ထားကာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ဆန်တန်ချိန် တစ်သောင်းကျော် တင်ပို့ ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း ဧပြီ ၁ ရက်မှ ဒီဇင်ဘာ တတိယပတ် အထိ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၇၂ဝဝဝဝ ကျော် တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ ၂၇၃ သန်း ရရှိထားကြောင်း သိရသည်။ ဒုတိယ အများဆုံးအဖြစ် ရုရှားနိုင်ငံသို့ ဆန်တန်ချိန် ၂၃ဝဝဝ ကျော် တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ ၁ဝ သန်း ရရှိထားကာ ပေါင်းဆန်များကို အဓိကထား တင်ပို့လျက် ရှိကြောင်း သိရသည်။

အာရှနိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဆန်တန်ချိန် ၆၃ဝဝ ကျော် တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ နှစ်သန်းကျော် ရရှိထားသည်။ ထိုင်းနိုင်ငံသို့ ဆန်တန်ချိန် ၂၇ဝဝ ကျော် တင်ပို့ထားပြီး အမေရိကန် ဒေါ်လာတစ်သန်းကျော် ရရှိထားကြောင်း သိရသည်။ အာရှ ဒေသတွင်း နိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ စင်ကာပူ၊ အရှေ့အလယ်ပိုင်း နိုင်ငံ ဆော်ဒီအာရေဗျ၊ ဥရောပမှ ဆွီဒင် စသည့် နိုင်ငံတို့သို့ ဆန်တန်ချိန် တစ်သောင်းကျော် စီ တင်ပို့ထားပြီး ပိုလန်၊ ဘူဂေးရီးယား၊ ဗီယက်နမ်နှင့် သီရိလင်္ကာနိုင်ငံ တို့သို့ ဆန်တန်ချိန် ၅ဝဝဝ ကျော်စီ တင်ပို့ ထားကြောင်း သိရသည်။

ထို့အပြင် ဆန်ကွဲကို နိုင်ငံပေါင်း ၃၇ နိုင်ငံသို့ တင်ပို့လျက် ရှိပြီး ဆန်ကွဲတန်ချိန် ၁၉ဝဝဝဝ ကျော် တင်ပို့ထားကာ အမေရိကန် ဒေါ်လာသန်း ၆ဝ ကျော် ရရှိထားသည်။

တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၉၈ဝဝဝ ကျော် အများဆုံး တင်ပို့ထားပြီး အမေရိကန် ဒေါ်လာ ၃၂ သန်း ရရှိထားသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ ကုန်သွယ်ရေး စာရင်းများအရ ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ကိုးသိန်းကျော် တင်ပို့ထားရာ အမေရိကန် ဒေါ်လာ ၃၄၂ သန်း ကျော် ရရှိထားပြီး ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာ နှစ်တွင် ပြည်ပသို့  ဆန်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ခန့်ရရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။(၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...