Social Icons

Pages

Saturday, December 27, 2014

စောင်းလျားသီး နှင့် ငါးပြေမ ဓာတ်စာ


စောင်းလျားသီး နှင့် ငါးပြေမ ဓာတ်စာ

ကြည်မြင့်လွင် (မုဒြာ)

ယခုတလော အင်တာနက် ဖေ့(စ)ဘုတ်တွင် ခေတ်စားနေသည့် ဓာတ်စာမှာ စောင်းလျားသီး နှင့် ငါးပြေမ ရောချက်သော ဟင်းဖြစ်သည်။ ဤဓာတ်စာ ဟင်းကို သုံးရက်မှ ခုနစ်ရက်ခန့် စားပေးလျှင် ကျောက်ကပ် တွင် ကျောက်တည် နေပါက ကွဲပြီး အောက်သို့ ဆီးနှင့်အတူ ကျသွား သည်ဟု ဆိုသည်။ လက်တွေ့ ကျောက်ကျသူများစွာ ရှိသည်ဟု ဆိုသည်။

အမှန်မှာ ဤနည်းသည် ဓာတ်စာ ဆရာကြီးများ၏ ရှေးနည်း ဖြစ်သည်။ ယခုမှပေါ်သော နည်းမဟုတ်။ စာရေးသူတို့ ငယ်စဉ် လွန်ခဲ့သော နှစ် ၅ဝ ခန့်ကပင် ကျော်ကြားသော နည်းဖြစ်သည်။ ရှေးက နာမည် ကျော်ကြားခဲ့သော ဓာတ်ဆရာကြီး အိုင်ကလောင် ဆရာလှိုင် ၏ တပည့်များ သုံးခဲ့သောနည်း ဖြစ်နိုင်သည်ဟု မှန်းဆ ရပါသည်။ ဓာတ်စာများ ကို လူ၏နေ့နာမ်ကို တွက်၍ ပေးသည်များ ရှိသကဲ့သို့ ရောဂါ၏ အမည်ကို တွက်ပြီး ပေးသည်များလည်း ရှိသည်။ ကျောက်ကပ် ကျောက်တည် ရောဂါအတွက် ပေးသော ဓာတ်စာမှာ စောင်းလျားသီး ချည်းလည်း မဟုတ်။ ငါးပြေမ ချည်းလည်း မရ။ နှစ်မျိုးပေါင်း ချက်စားလိုက်မှ ဓာတ်စာ ဖြစ်ပြီး ကျောက်များ ကျေပြီး ကျလာမည် ဖြစ်သည်။

ဤနည်းတွင် စာရေးသူ ငယ်စဉ်က မှတ်မိသည်မှာ ငါးပြေမနှင့် ရောချက်ရမည့် စောင်းလျားသီးသည် အမှည့် ဖြစ်ရမည်။ စောင်းလျားသီး အစိမ်းမဟုတ်ပေ။ စောင်းလျားသီး အစိမ်းသည် အစိမ်းနုရောင် ရှိပြီး အရသာမှာ အလွန်ချဉ်သည်။ စောင်းလျားသီး အမှည့်မှာ သရက်သီး မှည့်ကဲ့သို့ အဝါရောင် ရှိသည်။ အရသာမှာလည်း အချဉ်မှ အချိုသို့ ပြောင်းသွား သဖြင့် ချိုချဉ်အရသာ မျိုးဖြစ်သည်။ စောင်းလျားပင် သည် မရမ်းပင် ကဲ့သို့ပင် အပင်လတ်မျိုး ဖြစ်သည်။ စောင်းလျားသီးများ ပင်လုံးပြည့် သီးနေပြီး မှည့်သောအခါ မြေပေါ်သို့ ကြွေကျသည်။ ငယ်စဉ် ကလေးဘဝက စောင်းလျားသီး မှည့်များ ကောက်ရသည်ကို အမှတ်ရမိ သေးသည်။ ထိုစောင်းလျားသီး ကို ဓားဖြင့် ကန့်လန့်ဖြတ် လှီးဖြတ် လိုက်သောအခါ ကြယ်ပုံသဏ္ဌာန် ဖြစ်နေသည်ကို တွေ့ရသည်။

စောင်းလျားသီး အမှည့်နှင့် အစိမ်း အကျိုးသွား မတူသည်ကို ကုန်းဘောင်ခေတ် မြန်မာ့ သိပ္ပံပညာရှင်ဟု ကျော်ကြားသော ယောမြို့စား အတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇန သင်္ဂဟကျမ်း တွင် လေ့လာ ကြည့်သောအခါ စောင်းလျားသီး အစိမ်းသည် ချဉ်၏။ ထက်၏။ ပူ၏။ ဝမ်းမီးချက် ပြီး နောက်ချဉ်၏။ စပ်၏။ သည်းခြေကို ပျက်စေတတ်၏။ လေကိုနိုင် ၏။ စောင်းလျားသီး အမှည့်သည် ချိုချဉ်အရသာ ရှိ၏။ အားနှင့် ကိုယ်၏ စည်ပင် တိုးပွားခြင်း (ဝခြင်း)၊ နှုတ်မမြိန်ခြင်း တို့ကို ပယ်တတ်၏။ အေး၏။ ချုပ်၏။ လေသလိပ်ကို နိုင်၏။ နှလုံးကို နှစ်သက် စေတတ်၏။ ခံတွင်းကို ရှင်းစေတတ်၏။ စဉ်းငယ်ဖန် ၏ဟု ဆိုထားသည်ကို တွေ့ရပါသည်။

ငါးပြေမသည် (ငါးအမျိုးမျိုး ကဏ္ဍတွင်) ချိုဆိမ့်၏။ ဆူ၏။ နှုတ်မြိန် စေတတ်၏။ လေ၊ သလိပ်ကို နိုင်၏။ ဝမ်းမီးကို တောက်စေ တတ်၏။ စဉ်းငယ် သည်းခြေကို ပျက်စေတတ်၏ ဟု ဆိုသည်။

လက်တွေ့ အသုံးတွင် စောင်းလျားသီး အမှည့်နှင့် ငါးပြေမဟင်း ချက်စားခြင်းဖြင့် ကျောက်ကျ သည်ကို လက်တွေ့ ကျသည်ဟု ပြောသူ များစွာရှိသည်။ ယုံကြည်နိုင် လောက်သော ဓာတ်စာဖြစ်ပြီး အကယ်၍ မကျသည့်တိုင် ဘေးထွက် ဆိုးကျိုးမရှိပါ။

စောင်းလျားသီး အစိမ်းမှာလည်း ချဉ်စပ်သော အရသာ ရှိသည်။ အထူးသဖြင့် ဝမ်းမီးချက်၍ ကျက်ပြီးသော အရသာ ချဉ်စပ်သော အရသာ ရှိသည်ဟု ဆိုသဖြင့် ဆီးချိုရောဂါ ရှိသူများနှင့် သင့်သည်။ ဆီးချိုရောဂါ ပျောက်ကင်း စေရန်အတွက် ဓာတ်စာသဘော အားဖြင့် ချဉ်၊ စပ်သော အရသာကို ပေးရသည်။ ဆီးချိုရောဂါ ရှိသူများ စောင်းလျားသီး အစိမ်းကို ငါးအမျိုးမျိုးနှင့် ရောချက် စားကြည့်ပါက သက်သာ ပျောက်ကင်း စေနိုင်ကြောင်း အကြံပြု တင်ပြလို ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...